၂၁ ရာစုပင်လုံညီလာခံမတိုင်မီ NCA ကို လက်မှတ်ရေးထိုးနိုင်ရေး မျှော်လင့်ကြောင်း KNPP က ပြောကြား

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ်အစည်းအဝေး မတိုင်မီ အစိုးရနှင့်တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးနိုင်ရေး မျှော်လင့်ကြောင်း ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ (KNPP) က ပြောကြားလိုက်သည်။

မတ်လ ၇ ရက်က ငြိမ်းချမ်းရေး ကော်မရှင်နှင့် KNPP အဖွဲ့ခေါင်းဆောင်များ အလွတ်သဘောဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)တွင် ပြုလုပ်ခဲ့ပြီး အဆိုပါဆွေးနွေးပွဲအပြီး KNPP အဖွဲ့က သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ပြုလုပ်ခဲ့သည်။

အဆိုပါ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲတွင် တရားဝင်ဆွေးနွေးပွဲတစ်ခုကို ကယားပြည်နယ် လွိုင်ကော်မြို့တွင်ကျင်းပရန် KNPP က တောင်းဆိုထားပြီး အဆိုပါ တရားဝင် ဆွေးနွေးပွဲတွင် အဆင်ပြေမှုရရှိပါက NCA လက်မှတ်ရေးထိုးရေး ဆုံးဖြတ်ချက်ချနိုင်မည်ဟုလည်း မျှော်လင့်ရကြောင်း ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ (KNPP) ဒုတိယဥက္ကဋ္ဌ ခူဦးရယ်က ပြောကြားသည်။

NCA လက်မှတ်ထိုးရေး သဘောတူညီချက်များကို အကောင်အထည်ဖော်မှု ပိုမိုဆောင်ရွက်နိုင်ရန် လွိုင်ကော်တွင် တရားဝင်ဆွေးနွေးပွဲပြုလုပ်ရန် တောင်းဆိုထားခြင်းဖြစ်ပြီး ယင်းဆွေးနွေးပွဲကိုလည်း ၂၁ ရာစု ပင်လုံညီလာခံမတိုင်မီ စတင်နိုင်ရန်လည်း မျှော်လင့်ထားကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ကတော့ အဲဒီအတိုင်းပဲ မျှော်လင့်ချက်ထားပါတယ်။ တိတိကျကျ ဖြစ်လာမလားတော့ မပြောနိုင်ပေမယ့် အဲဒီအတိုင်းပဲ မျှော်လင့်ထားပါတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ အလွတ်သဘော ဆွေးနွေးမှုနှင့်ပတ်သက်၍ KNPP က ထုတ်ပြန်ချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ပြီး ဆွေးနွေးပွဲတွင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် နှစ်ဦးနှစ်ဖက်အကြား ချုပ်ဆိုခဲ့သော သဘောတူညီချက်များ (Bilateral Agreements) တွင် ပါဝင်သည့် ပူးတွဲစောင့်ကြည့်ရေး၊ ပြည်ထောင်စုအဆင့် ပြည်နယ်အဆင့် အစိုးရဘက်မှ ဆက်ဆံရေးတာဝန်ခံများ ပြန်လည်ထားရှိရေး၊ တပ်ပိုင်းဆိုင်ရာနှင့် ပြည်နယ်ဖွံ့ဖြိုးရေးကိစ္စရပ်တို့ကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် KNPP တို့၏ အလွတ်သဘော တွေ့ဆုံမှုတွင် ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့် ကော်မရှင်မှ တာဝန်ရှိသူများ၊ KNPP မှ ဒုဥက္ကဋ္ဌ ခူဦးရယ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း ငြိမ်းချမ်းရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့တွင် ပါဝင်သည့် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ NCA တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီးနောက် KNPP အဖွဲ့ကို သီးသန့်တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်းဖြင့် အစိုးရက ဆောင်ရွက်လာခြင်းဖြစ်သည်။

ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ (KNPP) အဖွဲ့သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးစက စတင်ဖွဲ့စည်းခဲ့သည့် သက်တမ်းရှည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်ပြီး အစိုးရနှင့် ပြည်နယ်အဆင့် အပစ်ရပ် သဘောတူထားသည့် အဖွဲ့လည်းဖြစ်သည်။

Ref : The Voice

Leave a Reply

Your email address will not be published. Required fields are marked *