လူ့ပြည်သို့ သင်္ကြန်ရက်အတွင်း သိကြားမင်း ဆင်း-မဆင်း

“ရှင်ရေဝတရဲ့ အမေးသုံးပါးအနက် ပထမအမေးဖြစ်တဲ့ သင်္ကြန်ရက်ွင်း လူ့ပြည်သို့ သိကြားမင်း ဆင်းမဆင်းဆိုတာဟာ သင်္ကြန်စာက လာတာ ဖြစ်ပါလိမ့်မယ်”

“သင်္ကြန်စာက ဘယ်လိုလာပါသလဲ ဘုရား”

“သင်္ကြန်စာက လာပုံက ဒီလိုကွယ့်၊ လူ့ပြည်မှာ အဟာသင်္ကြန်ကျတယ် ဆိုတာ နှစ်တစ်နှစ် ကုန်ဆုံးသွားတာကို ဆိုလိုတယ်၊ နှစ်တစ်နှစ် ဘယ်လို ကုန်ဆုံးသွားတယ်ဆိုတာ အကျဉ်းပြောရလျှင် ကောင်းကင်မှာ နေ-လ-နက္ခတ်-တာရာတွေထဲက လမ်းစဉ်မပျက် ခရီးမှန်မှန်သွားတက်တဲ့ ကြယ်တွေကို နက္ခတ်လို့ခေါ်တယ်၊ အဲဒီနက္ခတ်တွေဟာ
(၁) အသဝတီ၊ (၂) ဘရဏီ၊ (၃) ကြက္ကိကာ၊ (၄) ရောဟဏီ၊ (၅) မိဂသီ၊ (၆) အဒြ၊ (၇) ပုန္နဖုသျှု၊ (၈) ဖုသျှ၊ (၉) အသလိဿ၊ (၁၀) မာဃ၊ (၁၁)ပြုဗ္ဗဇလဂုနီ၊ (၁၂) ဥတ္တရာဖလဂုနီ၊ (၁၃) ဟဿတ၊ (၁၄) စိတြ၊ (၁၅) သွာတိ၊ (၁၆) ဝိသာခါ၊ (၁၇) အနုရာဓ၊ (၁၈) ဇေဋ္ဌ၊ (၁၉) မူလ၊ (၂၀) ပြုဗ္ဗသာဠ်၊ (၂၁) ဥတ္တရာသာဠ်၊ (၂၂) သရဝဏ်၊ (၂၃) ဓနသိဒ္ဓ၊ (၂၄) သတဘိသျှ၊ (၂၅) ပြုဗ္ဗဘဒြဗိုဒ်၊ (၂၆) ဥတ္တရဘဒြပိုဒ်၊ (၂၇) ရေဝတီ-ရယ်လို့ ၂၇ လုံးရှိတယ်။

ဒီ ၂၇ လုံးသော နက္ခတ်တွေဟာ ကောင်းကင်အဝန်းမှာ အကွာအဝေး အညီအမျှတည်ပြီး လက်ယာရစ်သွားနေကြတယ်၊ နေမင်းကလည်း ကောင်းကင်မှာ သူ့လမ်းနှင့်သူ သွားနေယတ်၊ ဒီလို နေမင်းနှင့် နက္ခတ်ယှဉ်ပြိုင်သွားကြတဲ့အခါ နက္ခတ်ကမြန်ပြီး နေမင်းက အသွားနှေးတယ်၊ နက္ခတ် ၂၇-လုံးဟာ တစ်လုံးနှင့်တစ်လုံး အကွာအဝေး လေးဖို့တစ်ဖို့ကို ပါဒ်လို့ခေါ်တယ်၊ နက္ခတ် ၂၇-လုံး တစ်လုံးလေးပတ်ဆိုတော့ ပါဒ်ပေါင်း – ၁၀၈-ပါဒ်ရှိတယ်၊ နက္ခတ်ဟာ နေနှင့်ယှဉ်ပြိုင်သွားရာမှာ ရက်ပေါင်း ၃၀-လွန်လျှင် နေကို ပိုးပတ်လွန်သွားတယ်၊ တန်ခူးလမှာ အသဝနီနက္ခတ်နှင့် ယှဉ်ပြေးတဲ့နေဟာ ရက် ၃၀လွန်လျှင် အသဝနီ လေးပတ်၊ ဘရဏီ လေးပတ်၊ ကြတ္တိကာ တစ်ပတ်အားဖြင့် ကိုးပတ်လွန်သွားတယ်၊ အဲဒီ ကိုးပတ်သော နက္ခတ်ရဲ့ သဏ္ဌာန်ဟာ ဆိတ်ရုပ်နှင့်တူလို့ မိဿရာသီလို့ခေါ်တယ်၊ မိဿရာသီကစပြီး တစ်လလျှင် ကိုးပတ်၊ ကိုးပတ် နက္ခတ်က လွန်လွန်သွားလိုက်တာ ရက်ပေါင်း ၃၆၅-ရက် တစ်နှစ်စေ့တော့ မိန်ရာသီအဆုံး ရေဝတီနက္ခတ်နှင့်ယှဉ်တယ်။

ရေဝတီအဆုံး နက္ခတ်နှင့်ယှဉ်ပြီးတော့ အစက ယှဉ်ခဲ့တဲ့ အသဝနီ နက္ခတ် ပထမပတ်နှင့် ယှဉ်ပြိုင်တဲ့အချိန်ကို သင်္ကြန်ကျတဲ့အချိန်လို့ခေါ်တယ်၊ အဲဒီအချိန်ကို သင်္ကြန်စာက ဘယ်လိုရေးသလဲဆိုတော့ ဘာဏုရာဇမည်သော တနင်္ဂနွေဂြိုလ်မင်းသည် ခုနစ်မျိုးသော အဝတ်တန်ဆာတို့တွင် တစ်မျိုးမျိုးသော အဝတ်တန်ဆာကို ဝတ်ဆင်လျက် ကျွဲရဲစသောသတ္တဝါ ခုနစ်ကောင် အနက် တစ်ကောင်ကောင်ကိုစီး၍ လက်တစ်ဖက်ကား ပန်း၊ လက်တစ်ဖက်က ရေချမ်းအိုးပိုက်လျက် ထက်ဝယ်ဖွဲ့၍ အရှေ့ကသည် တောင်သို့ ဝင်၏လို့ ရေးထားတယ်၊ သင်္ကြန်စာကရေးတဲ့ တနင်္ဂနွေဂြိုလ်မင်းဆိုတာ (နေ) ကို တင်စားရေးတာပါ၊ အဲဒါကို လူတွေက သိကြားမင်းထင်ပြီး သင်္ကြန်တွင်းအခါ သိကြားမင်း လူ့ပြည်ဆင်းတယ်လို့ ပြောနေခြင်းမျှသာ ဖြစ်ပါတယ်၊ အမှန်စင်စစ် သိကြားမင်းဆင်းလာတာ မဟုတ်ပါဘူးကွယ်”

“ဒီလိုဆို သိကြားမင်းက လူ့ပြည်ကို ဘယ်တော့မှ ဆင်းမလာတော့ဘူးလား ဘုရား”

“ဘယ်တော့မှ ဆင်းမလာတော့ဘူးလို့တော့ မပြောနိုင်ဘူး၊ လာသင့်လျှင် လာတဲ့ဝတ္ထုတွေ ရှိတယ်၊ ဒွါဒသနိပါတ် မဟာကဏှဇာတ်မှာ သိကြားမင်း လူ့ပြည် ဆင်းလာကြောင်း ပြထားတယ်ကွယ့်”

“မှန်ပါ – အဲဒီ မဟာကဏှဇာတ်ကို အတိုချုပ် အမိန့်ရှိပါဦး ဘုရား”

“မဟာကဏှာဇာတ် အတိုချုပ်က – ကဿပဘုရားရှင် သာသနာ နောက်ပိုင်းမှာ ရဟန်းတွေရော၊ လူတွေရော တရားပျက်ကြတယ်၊ ကုသိုလ်တရား ပွားများသူနည်းပါးပြီး အကုသိုလ်မှုပြုတဲ့ လူတွေ များပြားလာတယ်၊ ဒါကြောင့် လူတွေ သေတိုင်းသေတိုင်း နတ်ပြည်ကို မရောက်ကြဘူး၊ အပါယ်လေးဘုံချည်း သွားကြသတဲ့၊ ဒီအကြောင်း သိကြားမင်းကသိလို့ လူတွေခြိမ်းခြောက်ပြီး သာသနာပြုမှ တော်တော့မှပဲလို့ဆိုပြီး မာတလိနတ်သားကို ခွေးနက်ကြီးယောင်ဆောင်စေတယ်၊ သူက မုဆိုးယောင်ဆောင်ခဲ့တယ်၊ ခွေးနက်ကြီးကို ကြိုးနှင့်ချည်ပြီး သူက ဆွဲကိုင်ထားတယ်၊ ခွေးနက်ကြီးက ဘယ်လောက်ကြီးသလဲဆိုတော့ အာဇာနည်ဆင်ကြီးလောက် ကြီးသတဲ့၊ ခွေးနက်ကြီးက ဟောင်တော့ လူတွေက ထိတ်လန့်ကြတယ်၊ ခွေးနက်ကြိးမဝင်နိုင်အောင် မြို့ရိုးတံခါးတွေ ပိတ်ထားပေမယ့် မြို့ရိုးကို ခုန်ဝင်သကြတဲ့၊ ခွေးဟောင်သံကြောင့် လူတွေပုန်းနေကြတယ်။

ဥသီကာမင်းကတော့ ပြာသာဒ်ထက်ကနေပြီး မုဆိုးယောင်ဆောင်လာတဲ့ သိကြားမင်းကို သင့်ခွေးကြီး ဘာလို့ဟောင်တာလဲလို့ မေးတယ်၊ ဆာလို့ဟောတာပါလို့ ပြန်ပြောတော့ မင်းက နန်းတွင်းမှာရှိတဲ့ ထမင်းတွေ ချကျွေးစေတယ်၊ ကျွေးသမျှစားပြီး ဟောတာပဲတဲ့၊ ဒီအခါ မင်းက ဒီခွေဟာ ခွေးစင်စစ်မဟုတ်၊ ဘီလူးဖြစ်ရမယ်၊ လာတဲ့အကြောင်း မေးမှ တော်မှာပဲလို့
“အို-မုဆိုးကြီး၊ သင့်ခွေးဟာ ဘယ်လောက်ကျွေးကျွေး ဝတယ်မရှိဘူး၊ ဟောင်တာပဲ၊ ဘာကြောင့် ဒီလောက်ဟောင်ရတာလဲ” လို့ မေးသတဲ့၊

ဒီအခါ သိကြားမင်းက
“ငါ့ခွေးဟာ အစာကို စားလိုလို့ ဟောင်တာမဟုတ်ဘူး၊ လူသားစားလိုလို့ ဟောင်တာဖြစ်တယ်” လို့ ပြန်ပြောတယ်၊

မင်းက
“အို – မုဆိုးကြီး၊ သင့်ခွေးဟာ လူတိုင်းရဲ့အသားကို စားသလား၊ ဒါမှမဟုတ် ရန်သူရဲ့ အသားကို စားသလား” လို့ မေးတယ်၊

သိကြားမင်းက
“လူတိုင်းရဲ့ အသားကို မစားပါဘူး၊ ရန်သူရဲ့ အသားကိုသာ စားကြောင်း” ပြန်ပြောတယ်၊

“ရန်သူဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးကို ဆိုလိုတာလဲ” လို့ မင်းက ပြန်မေးတော့

သိကြားမင်းက
“မင်းကြီး၊ မတရားမှုပြုလုပ်သူဟာ ရန်သူဖြစ်တယ်” လို့ ပြန်ပြောတယ်၊

မင်းကြီးက
“မတရားမှုဆိုတာ ဘယ်လိုအမှုတွေပါလဲ” လို့ မေးသတဲ့၊

သိကြားမင်းက
“မင်းကြီး – ရဟန်းဖြစ်ပါလျက်နှင့် ရဟန်းအလုပ်ကို မလုပ်ဘဲ လူများကဲ့သို့ စိုက်ပျိုးရေးအလုပ် လုပ်နေပါလျှင်၊ ငွေတိုးပေးစားနေပါလျှင်၊ ဗေဒင်ဟော၊ ဆေးကု လုပ်နေပါလျှင် ထိုရဟန်းဟာ ရန်သူဖြစ်တယ်၊
အဲဒီရဟန်းယုတ်ရဲ့အစားကို ငါ့ခွေးက စားလိ့မ်မယ်၊
လူသားများဟာလဲ အိုးမင်တဲ့မိဘများကို ကိုယ်က ကျွေးမွေးနိုင်ပါလျက် မကျွေးမွေးခဲ့လျှင်၊ သူတစ်ပါးမယား ပြစ်မှားခဲ့လျှင်၊ သူတစ်ပါးပစ္စည်း ခိုးယူ လုယက်ခဲ့ပါလျှင်၊ မိန်းမ ကြူးခဲ့ပါလျှင်၊ သူတစ်ပါးအပေါ် လှည့်ပတ်ညာဖျန်းစားသောက်ခဲ့ပါလျှင် ထိုသူဟာ ရန်သူဖြစ်တယ်၊ ထိုရန်သူရဲ့ အသားကို ငါ့ခွေးက စားလိမ့်မယ်” လို့ပြောပြီး သူ့ကို သိကြားမှန်းသိစေတယ်။

အဲဒီနောက် သိကြားမင်းက အို-မင်းမြတ်၊ ငါဟာ သိကြားနတ်မင်း ဖြစ်တယ်၊ လူတွေပျက်စီးလို့ ငါလာခြင်းဖြစ်တယ်၊ ဒီကနောက် တရားပျက်သူကို ခွေးစာ ကျွေးရလိမ့်မယ် လို့ သတာရဟ လေးဂါထာနှင့် တရားဟောသတဲ့ကွယ်၊ အဲဒီလို သိကြား ခြိမ်းခြောက်ပြီး ပြုထားတဲ့သာသနာဟာ အနှစ်တစ်ထောင် တည်တယ်လို့ မဟာကဏှာဇာတ်တော်မှာ ဆိုတယ်၊ ဒါကြောင့် သိကြားမင်းဟာ လူ့ပြည်ကို မလာတာတော့မဟုတ်၊ လာသင့်တဲ့အခါ လာတယ်၊ ဒီအကြောင်းကို စတုက္ကနိပါတ် အဋ္ဌကထာ (တ) ၁၂၆-မှာ-
တဒါ သက္ကော ဒေဝရာဇာ ကေ နု ခေါ လောကေ မာတာပိတရော ဥပဋ္ဌဟန္တိ၊ ကုလေ ဇေဋ္ဌာ ပစာယနကမ္မံ ကရောဟ္တိ၊ ဒါနံ ဒေန္တိ၊ သီလံ ရက္ခန္တိ၊ ဥပေါသထကမ္မံ ကရောန္တိ၊ ကေ ပဗ္ဗာဇိတာ သမဏဓမ္မေ ယုတ္တာ ပယုတ္တာ ဝိဟရန္တိ၊ ကေ အနာစာရံ စရန္တိ တိလောကံ ဝေါလေကောန္တော –
လို့ ဖွင့်ပြထားတယ်၊ မြန်မာလိုကတော့ ထိုအခါ သိကြားမင်းက လူ့ပြည်၌ အဘယ်သူတို့သည် မိဘတို့ကိုလုပ်ကျွေးကြသလဲ၊ အမျိုး၌ ကြီးသောသူတို့ကို အရိုအသေပြုကြသလဲ၊ အလှူပေးကြသလဲ၊ သီလမစောင့်ကြသလဲ၊ ဥပုသ်စောင့်ကြသလဲ၊ အဘယ်ရဟန်းများ ရဟန်းတရားအားထုတ်ကြသလဲ၊ အဘယ်ရဟန်းများ မကျင့်အပ်သကို ကျင့်ကြသလဲလို့ လူ့ပြည်ကို ပစ်မထားဘဲ အမြဲစောင့်ကြည့်ပြီး သူကိုယ်တိုင်လာသင့်လျှင် လာတယ်လို့ မှတ်သင့်တယ်ကွယ့်”

“မှန်ပါ – သိကြားမင်း လာတယ်ဆိုတာတော့ သိရပါပြီ၊ သိကြားမင်းမှ တစ်ပါး အခြားနတ်များ လူ့ပြည့်ဆင်းပြီး ကုသိုလ်စာရင်းကောက်တယ်ဆိုတာ ဟုတ်ပါသလား ဘုရား”

“ဟုတ်ပါတယ်၊ လူ့ပြည်ကိုဆင်းပြီး စာတုမဟာရာဇ်နတ်များ စာရင်းကောက်ကြောင်း အင်္ဂုတ္တရတိကနိပါတ် စာတုမဟာရာဇသုတ်မှာ ဘုရားဟောရှိတယ်ကွယ့်”

“မှန်ပါ – အဲဒီအကြောင်းကိုလဲ တိုတိုအမိန့်ရှိပါဦး ဘုရား”

“လဆန်း ရှစ်ရက်၊ လဆုတ် ရှစ်ရက်နေ့များမှာ နတ်မင်းကြီး လေးယောက်တို့ရဲ့ အလုပ်အကျွေးအနတ်များ လူ့လောကကို လှည့်လည်ပြီး အမိ အဖတို့အပေါ် ကောင်းစွာ ပြုကျင့်ကြရဲ့လား၊ ရဟန်းတော်များအပေါ် ကောင်းစွာ ပြုကျင့်ကြရဲ့လား၊ အမျိုးထဲမှ ကြီးတဲ့သူများကို အရိုအသေပြုကြရဲ့လား၊ ဥပုသ်နေ့မှာ ဥပုသ်စောင့်ကြရဲ့လား၊ ဒါနမှု ပြုကြရဲ့လားလို့ စုံစမ်းသတဲ့ကွယ်၊ လကွယ်နေ့ရောက်ခဲ့လျှင် နတ်မင်းကြီးများရဲ့ သားတော်များ ကိုယ်တိုင်ဆင်းပြီး လှည့်လည် စုံစမ်းသတဲ့၊ လပြည့်နေ့ရောက်ခဲ့လျှင် နတ်မင်းကြီး လေးယောက်တို့ကိုယ်တိုင် လူ့ပြည်လှည့်လည်ပြီး စုံစမ်းသတဲ့၊ အကယ်၍ ကောင်းမှုပြုသူနည်းပါးတယ်ဆိုလျှင် သုဓမ္မာအစည်းအဝေးမှာ နတ်များကို တိုင်ကြားသတဲ့၊ အဲဒီအခါ နတ်တွေဟာ နှလုံးမသာမယာကြဘူးတဲ့၊ ကောင်းမှုပြုသူများဆိုလျှင် နတ်တွေက ဝမ်းမြောက်ကြသတဲ့၊ အင်္ဂုတ္တိုရ်ပါဠိတော်မှာ ဤလို ဘုရားဟောလာရှိတဲ့အတွက် သိကြားမင်းမှတစ်ပါး နတ်သားများ လူ့ပြည့်လာရောက်ပြီး ကုသိုလ်စားရင်း၊ အကုသိုလ်စာရင်း ကောက်တယ်ဆိုတာကို အမှန်ယုံကြည်သင့်တာပေါ့ကွယ်”

Ref : ဖိုးသူတော်

Share သွားပေးပါမိတ်ဆွေ

Add a Comment

Your email address will not be published. Required fields are marked *