ရုရှားသမ္မတ ပူတင်နှင့် ပတ်သက်ပြီး လူသိနည်းသော အကြောင်းအရာများ

ကမ္ဘာ့အင်အားကြီး စူပါ ပါဝါနိုင်ငံတစ်ခု ဖြစ်တဲ့ ရုရှားနိုင်ငံရဲ့ သမ္မတ ပူတင်ဟာ မကြာခင် အချိန်တွင်းမှာ နောက်ထပ် သမ္မတ သက်တမ်းအတွက် ရွေးကောက်ပွဲ ဝင်ပြိုင်တော့မှာ ဖြစ်ပါတယ်။ ပူတင်နဲ့ ပတ်သက်ပြီး အကျိုးအကြောင်း အဆိုးအကောင်းတွေ အမျိုးမျိုး ထွက်ပေါ်ခဲ့ပေမယ့် သူကတော့ လက်ရှိမှာ ကမ္ဘာကြီးကို ကိုင်လှုပ်နိုင်တဲ့ လူဦးရေ နည်းနည်းထဲက တစ်ဦး ဖြစ်နေတုန်းပါပဲ။ ပူတင်နဲ့ ပတ်သက်ပြီး လူသိနည်းသော အကြောင်းအရာများကို ဖော်ပြပေးလိုက် ရပါတယ်။

(၁) ပူတင်သည် အသက် ၁၂ နှစ်အရွယ်မှစ၍ လက်ဝှေ့အားကစားကို စတင်လေ့လာခဲ့ပြီးနောက် ဂျူဒို၊ ကရာတေး၊ တိုက်ကွမ်ဒိုနှင့် ဆိုဗီယက်ရိုးရာသိုင်းပညာ ဖြစ်သည့် ဆမ်ဘိုကစားနည်းတို့ကို ဆက်လက် လေ့လာ သင်ယူ တတ်မြောက်ခဲ့သည်။

(၂) တောင်ကိုရီးယားနိုင်ငံရှိ ကမ္ဘာ့တိုက်ကွမ်ဒိုအဖွဲ့ချုပ်က ကိုးဆင့်မြောက် ခါးပတ်နက်ကို ပူတင်အား ချီးမြှင့်ခဲ့သည်။ နာမည်ကြီး အက်ရှင်မင်းသား ချက်နောရစ်သည် ရှစ်ဆင့်မြောက် ခါးပက်နက်ကိုသာ ရရှိခဲ့သောကြောင့် ပူတင်သည် ချက်နောရစ်ထက် တစ်ဆင့်မြင့်သော ခါးပက်နက်ပိုင်ရှင် ဖြစ်သည်။

(၃) ပူတင်သည် အသက် ၁၆ နှစ်အရွယ်တွင် ဆိုဗီယက်လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ဖြစ်သော KGB အဖွဲ့တွင် အရာရှိအဖြစ် စတင်တာဝန် ထမ်းဆောင်ခဲ့သည်။ သူသည် ၁၉၇၅ ခုနှစ်မှ ၁၉၉၁ ခုနှစ်အတွင်း အရှေ့ဂျာမနီနိုင်ငံ၌ စပိုင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

(၄) ပူတင်၏ နာမည်သည် ရုရှားနိုင်ငံတွင် brand တစ်ခုဖြစ်ပြီး သူ၏ အမည်ဖြင့် ထုတ်လုပ်သော ဗော့ဒကာ (Putinka)၊ စည်သွပ်ဘူး၊ ငါးဥဆားနယ်နှင့် သူ၏ ရုပ်ပုံ ရိုက်နှိပ်ထားသော တီရှပ်များကို ရုရှား တစ်နိုင်ငံလုံး တွင် ဝယ်ယူ ရရှိနိုင်သည်။

(၅) ကာဂျစ်စတန်နိုင်ငံတွင် ၄၄၄၆ မီတာမြင့်ပြီး ကျောက်တုံးကျောက်ဆိုင်များနှင့် ပြည့်နှက်၍ တက်ရောက်ရန် ခက်ခဲသော တောင်ထိပ်တစ်ခုကို ဗလာဒီမာပူတင် တောင်ထိပ်ဟု အမည် ပေးထားသည်။

(၆) ပူတင်သည် ရုရှားသမ္မတ မက်ဒီဗက်၊ ရုရှား ကာကွယ်ရေးဝန်ကြီးတို့နှင့်အတူ အပန်းဖြေခရီးအဖြစ် ဆိုက်ဘေးရီးယန်း ရေကန်သို့ ငါးမျှား ထွက်စဉ်တွင် ၂၁ ကီလိုဂရမ် ရှိသော ပိုက်ငါး တစ်ကောင် ဖမ်းမိခဲ့သည်။ ပူတင်ဖမ်းမိသော ပိုက်ငါးသည် ငါးမျှားလောကတွင် ဖမ်းမိသည့် အကြီးဆုံး ပိုက်ငါးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

(၇) ရုရှားအနောက်ပိုင်းဒေသတွင် တောမီးများ လောင်ကျွမ်းမှုကြောင့် မော်စကိုမြို့တော်တွင် မီးခိုးမြူများ ဖုံးလွှမ်းနေချိန်၌ ပူတင်သည် မီးသတ်လေယာဉ်တွင် အကူလေယာဉ်မှုးအဖြစ် လိုက်ပါပြီး တောမီးများကို လိုက်လံ ငြှိမ်းသတ်ခဲ့သည်။

(၈) ပူတင်သည် “ဗလာဒီမာ ပူတင်နှင့်အတူ ဂျူဒိုလေ့ကျင့်ခြင်း” ဟုသည့် ဂျူဒိုကစားနည်း လမ်းညွှန် DVD ကို ထုတ်ဝေခဲ့သည်။

(၉) သတင်းထောက်များကို ကုတ်ဖဲ့ခြင်း၊ ကိုက်ခြင်းတို့ ပြုလုပ်ခဲ့သည့် ရှားပါး ပါရှန်းကျားသစ်သည် ပူတင်နှင့် တွေ့သည့်အခါတွင် ငြိမ်သက်အေးဆေး ပျော်ရွှင်စွာ ပွေ့ဖက်ခံနေသည်ကို အံ့အားသင့်ဖွယ် တွေ့ရှိရသည်။

(၁၀) ၂၀၁၀ ခုနှစ်တွင် ပူတင်သည် ရေးနော့ဖော်မြူလာဝမ်း ပြိုင်ကားအသစ်ကို လီနင်ဂရက်မြို့ရှိ ကားပြိုင်ကွင်းတွင် စမ်းသပ်မောင်းနှင်ခဲ့သည်။ ပူတင်သည် တစ်နာရီ ၂၄၀ ကီလိုမီတာ အရှိန်နှုန်းထိ မောင်းနှင်ခဲ့သည်။ ပူတင်သည် ပြိုင်ကားသာမက ဗျူဟာမြောက် ဗုံးကြဲလေယာဉ်၊ စစ်သုံး ဂျစ်ကားနှင့် ဟာလေဒေးဗစ်ဆင် ဆိုင်ကယ် အပါအဝင် ယာဉ်အတော်များများကို မောင်းနှင်တတ်သည်။

(၁၁) ဗလာဒီမာပူတင်ဦးဆောင်သည့် ရုရှားအစိုးရကို လူသိထင်ရှား ပြစ်တင်ဝေဖန်သူ အများအပြားသည် ပြည်နှင်ဒဏ် ခံရခြင်း၊ နေအိမ် အကျယ်ချုပ် ခံရခြင်း၊ ထောင်ချခံရခြင်းနှင့် ရှင်းမပြနိုင်သည့် အခြေအနေ (သို့မဟုတ်) ပဟေဠိဆန်သော ကိစ္စရပ်များကြောင့် သေဆုံးခဲ့ကြရသည်။

(၁၂) အမျိုးသမီးသီးသန့်သာ ဖွဲ့စည်းထားသည့် ပြန်လည်နိုးထခြင်း ဝတ်ကျောင်းတော်ဟု အမည်ပေးထားသော ရုရှားဘာသာရေးဂိုဏ်း တစ်ခုသည် ပူတင်အား သူတော်စင်ရှင်ပေါလု ဝင်စားသည်ဟု လက်ခံယုံကြည် ကြသည်။

(၁၃) မည်သူမျှ အသေအချာ မသိသော်လည်း ပူတင်၏ ပိုင်ဆိုင်မှုသည် အနည်းဆုံး ဒေါ်လာ ၂၀၀ ဘီလီယံ ကျော်ရှိမည်ဟု ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းထားသည်။

Credit :

နှစ်သက်ရင် Share သွားနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *