အထက်ဆရာကြီးများရဲ့ တာဝန်ပေးချက်တွေကို ထမ်းဆောင်ရင်း မြန်မာနိုင်ငံအနှံ့ကိုကျွန်တော်တို့ ရောက်ရှိခဲ့တယ်။ လူမျိုးစုံ ပညာရှင်မျိုးစုံတို့ကို မြင်တွေ့ရသလို စုန်းတိုက်နတ်တိုက်မျိုးစုံကိုလဲ ကြုံတွေ့ခဲ့ရတယ်။ ရွှေဘိုမြို့်က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ တည်းတုန်းကဆိုရင် ကျောင်းအနောက်ဘက်မှာရှိတဲ့ ရေကန်ထဲကနေ မိန်းမပျိုတွေ ထွက်လာတာကိုလဲ မြင်တွေ့ခဲ့ရဖူးတယ်။ဆရာတော်ကိုလျောက်ထားတော့ အဲဒီရေကန်မှာ အစောင့်အရှောက်တွေရှိတယ်လို့ မိန့်တော်မူတယ်။ ကျွန်တော့်ပညာက သာမန်လောက်ပဲရှိတဲ့အတွက် အရမ်းအရေးကြီးတဲ့ကိစ္စတွေဆိုရင် ကျွန်တော့်အစား ဆရာကဖြေရှင်းလေ့ရှိတယ်။ နယ်မြို့လေးတစ်မြို့ကိုရောက်တုန်းကလဲ မီးတွင်းထဲမှာဆုံးသွားတဲ့ မိန်းကလေးတစ်ယောက် သူ့အိမ်ကိုစွဲပြီး ခြောက်လှန့်တာကိုလဲ ကြုံခဲ့ရဖူးတယ်။ ပညာနုနယ်တဲ့ ပယောဂဆရာတွေဆိုရင် တံတွေးနဲ့တောင် ထွေးခံရတယ်။ ကြုံခဲ့ရတာတွေကိုပြောနေရင် ကုန်မှာမဟုတ်တော့ဘူး။ ဒီတစ်ခါကြုံခဲ့ရတာက သာမန်ဖြစ်ရိုးဖြစ်စဉ်လေးတစ်ခုပဲ။ ဒါပေမယ့် သူက သာမန်ဖုတ်ဝင်သည်တွေလို မဟုတ်ပဲ ထူးဆန်းတာလေးတွေရှိခဲ့တယ်။ ဆရာနဲ့ကျွန်တော်ခရီးသွားနေရင်း —မြို့ထဲက—ရွာကိုမမျှော်လင့်ပဲရောက်ရှိခဲ့တယ်။ ရွာထဲကိုဖြတ်မှ ဟိုဘက်မြို့ကိုရောက်မှာကိုး ရွာထဲကနေဖြတ်သွားရင်း အိမ်တစ်အိမ်အရှေ့ရောက်တော့ အိမ်ရှေ့မှာ ထင်းပေါက်နေတဲ့ လူတစ်ယောက်က ကျွန်တော်တို့ကိုမြင်တဲ့အခါ အိမ်ထဲကိုပြေးဝင်သွားတာ။ ကျွန်တော်ကအမှုမဲ့အမှတ်မဲ့နေလိုက်တယ်။ အဲဒီအချိန်မှာဆရာက “သက်ခိုင် ခုနကပြေးဝင်သွားတဲ့သူကိုတွေ့လား” “အဲဒါက လူမဟုတ်ဘူး” ကျွန်တော်အ့ံသြသွားတယ်။ မျက်လုံးထဲသေချာမြင်လိုက်တာက လူမှလူစစ်စစ် နာနာဘာဝတော့မဟုတ်တာသေချာတယ်။ ဒါပေမယ့် ဆရာက မဟုတ်ပဲနဲ့ ဘယ်တော့မှ အဲလိုပြောမှာမဟုတ်ဘူး။ “ဒါဆို လူမဟုတ်ရင် ဘယ်သူလဲဆရာ” “အဲဒါဖုတ်ဝင်နေတဲ့သူပဲ အသက်မရှိတော့တဲ့ ခန္ဓာကိုယ်ထဲမှာ နေရာဝင်ယူပြီး လူတစ်ယောက်လိုဟန်ဆောင်နေတာ” “ဖုတ်ဝင်သူတွေက အမျိုးမျိုးရှိတယ် တစ်ချို့က အစားအသောက်စားချင်လို့ဝင်တယ် တစ်ချို့က ကိုယ်ငွေ့လှုံချင်လို့ဝင်တယ် တစ်ချို့က လူဘဝကို စိတ်မကုန်သေးလို့ သာမန်လူတစ်ယောက်လို နေထိုင်ကြတယ်” “ယခင်ကဆို ဖုတ်ဝင်ပြီးနေတဲ့သူက မိန်းမယူပြီး ကလေးတွေတောင်မွေးထားသေးတာလို့ ကြားဖူးတယ် ခုနကလူကလဲ သာမန်လူလို့ထင်ရပေမယ့် သူ့မှာ သက်ရှိတစ်ယောက်ရဲ့ ကိုယ်ငွေ့မတွေ့ရဘူး သာမန်လူတွေမမြင်နိုင်တဲ့အတွက် သူ့ကို မိသားစုဝင် တစ်ယောက်လိုပဲ မြင်နေကြတာဖြစ်မယ်” “ဒါဆို ဒီတိုင်းထားရင်ရော ဘာဖြစ်လာမလဲ” “သူ့အပြုအမူကိုမေးကြည့်ရမှာပေါ့ ဒါပေမယ့် ဖြစ်ရိုးဖြစ်စဉ်နဲ့ဆန့်ကျင်တဲ့ ဘယ်အရာမဆို ငါတို့တားရမယ့်တာဝန်ရှိတယ် ဒီညဒီရွာမှာပဲ တည်းရအောင်” ကျွန်တော်တို့လဲ ရွာဦးကျောင်းမှာ တည်းရင်း ကပ္ပိယကြီးကို နေ့လည်ကတွေ့ခဲ့တဲ့ လူအကြောင်းမေးကြည့်ဖြစ်ခဲ့တယ်။ “ဒီကဧည့်သည်တွေမေးတော့လဲ ပြောပြရတာပေါ့ နေ့လည်က ဧည့်သည်တို့တွေ့ခဲ့တဲ့သူက ဦးထွန်းလူဖြစ်မယ်။ သူကအဲဒီအိမ်ရဲ့ အိမ်ထောင်ဦးစီးလေ။ သူ့မှာနာမည်ပျက်တော့မရှိပါဘူး။ အိမ်ကိုလဲသူပဲရှာကျွေးနေတာ။ မနက်ဆိုတောထဲသွား၊ ထင်းခွေ၊ ညနေဆိုထင်းခွဲ၊ ရလာတဲ့ထင်းတွေကို ရောင်းချပြီး သူ့မိသားစုတွေကိုရှာကျွေးနေတာ၊ တကယ်တာဝန်ကျေတဲ့သူတစ်ယောက်ပါ” ကျွန်တော်ဇဝေဇဝါဖြစ်သွားတယ်။ ဒါပေမယ့်ဆရာပြောတဲ့စကားကိုလဲမယုံလို့မရပြန်ဘူး။ “ဒါနဲ့ အဲဒီဦးထွန်းလူက သာမန်လူတစ်ယောက်လိုပဲ သွားလာစားသောက်တာပေါ့ ဟုတ်လား ကပ္ပိယကြီး” “ဟုတ်တယ်လေ သာမန်လူလိုပဲနေတာ” “သူအရင်က နေမကောင်းတာတွေ ထိခိုက်တာတွေ ရှိခဲ့ဖူးသေးလား” “အင်း မရှိဘူးကွဲ့— အော် ရှိခဲ့တယ် ခုမှမှတ်မိတယ် လွန်ခဲ့တဲ့နှစ်က တောထဲမှာ ထင်းခွေသွားရင်း တောဝက်ပက်တာကြုံခဲ့ရတယ်၊ ဒဏ်ရာရတော်တော်များတယ် ဒါပေမယ့်သူကမသေပဲပြန်ကောင်းလာလို့ သေရွာပြန်ထွန်းလူလို့တောင် စနောက်ကြသေးတယ်” ကျွန်တော်ပြုံးလိုက်မိတယ်။လိုချင်တဲ့အချက်ကိုသိလိုက်ရပီလေ။ “အဲဒါဆို ဦးထွန်းလူက ရွာကျောင်းကိုလာတာ မြင်မိလား” “အရင်ကတော့ တစ်လတစ်ခါလောက်တော့ ဆရာတော့ဆီလာတာတွေ့တယ်။ နောက်ပိုင်းမတွေ့ဖြစ်တော့ဘူး စီးပွားရေးအဆင်မပြေတာနဲ့ လာဖို့မေ့နေတယ်ထင်ပါတယ်၊ ငါလဲတွေ့ရင်သတိပေးလိုက်ဦးမယ်၊ ဘုရားရှိခိုးချိန် ရောက်ပီဆိုတော့ သွားလိုက်ဦးမယ်ကွယ့်” ထသွားသော ကပ္ပိယကြီးကိုကြည့်ပြီး ကျွန်တော်ဦးထွန်းလူအကြောင်းကို တွေးလိုက်မိတယ်။ မနက်မိုးလင်းတော့ ကပ္ပိယကြီးပြင်ထားပေးတဲ့ မနက်စာကိုစားရင်း “ကပ္ပိယကြီး ရွာထဲခဏလိုက်ကြည့်မလို့ ဆရာတော်ဆီလျောက်ပေးပါဦး” “အိုကွယ် သွားစရာရှိသွား ဆရာတော်ကဒီအချိန်တရားထိုင်နေပီ သွားကြည့်ကြ ဘာမှမဖြစ်ဘူး” ကျွန်တော်တို့လဲခွင့်ရတာနဲ့ ရွာထဲကိုထွက်လာခဲ့လိုက်တော့တယ်။ ဦးထွန်းလူအိမ်ရှေ့ရောက်တော့ “အိမ်ရှင်တို့ ဒါဦးထွန်းလူတို့အိမ်လား” အော်ခေါ်လိုက်တော့ အိမ်ထဲကနေ အမျိုးသမီးတစ်ယောက်ထွက်လာတာ တွေ့လိုက်တယ်။ “အဖေအသိတွေလား အဖေမရှိဘူးရှင့် တောထဲထင်းခွေသွားတယ် ဘာကိစ္စများရှိလို့လဲ” ထိုအခါကျွန်တော်က “ကိစ္စကတော့ ထွေထွေထူးထူးမရှိပါဘူး သူလာရင် ဒီစာရွက်လေးပေးပေးပါ -သူမယူဘူးဆိုရင် သူ့အိပ်ယာအောက်မှာ ထည့်ထားပေးပါ”ဆိုပြီး အင်းစာရွက်ကိုထုတ်ပေးလိုက်တယ်။ ရွာထဲကနေပြန်ရောက်တော့ ဆရာနဲ့ကျွန်တော်တရားထိုင်ဖြစ်တယ်။ နေ့လည်စားချိန်ရောက်တော့ ရွာသားတစ်ယောက်ရေးကြီးသုတ်ပြာနဲ့ ကျောင်းထဲပြေးဝင်လာတယ်။ “ဆရာတော်ဘုရား ဆရာတော်ဘုရား- ဦးထွန်းလူ ဧည့်သည်တွေကိုသတ်ဖို့ ဓားဆွဲပြီး လာနေပါပီဘုရား” “ကပ္ပိယကြီးက ရုတ်တရက်ထလိုက်ပြီး ကျွန်တော်တို့ကို လှမ်းကြည့်တယ်” ဆရာတော်က “လာရင်ကျောင်းပေါ်တက်ခဲ့ခိုင်းလိုက်ကွာ- ထွန်းလူတစ်ကောင် မိုက်ပြန်ပီထင်တယ်” ကျွန်တော်တို့ထကြည့်လိုက်တော့ “ဓားကိုကိုင်ကာ ကျောင်းအဝမှာ ရပ်ပြီး ဆဲဆိုနေတဲ့ ဦးထွန်းလူကို တွေ့လိုက်ရတယ် ဒါပေမယ့် သူကလုံးဝကျောင်းထဲကိုမဝင်တာ ထူးဆန်းနေတယ်” ရွာကလူတွေက ဆရာတော်ကိုကြောက်လို့ မဝင်တာလို့ထင်နေကြတယ်။ ဆရာတော်က ကျောင်းပေါ်ကနေ “ဟေ့ ထွန်းလူ ဒီကဧည့်သည်တွေက မင်းကိုဘာလုပ်လို့ တုန်း” “ဒီကောင်တွေ ကျုပ်နေမရအောင်လုပ်တော့မှာ ဒီကောင်တွေကိုသတ်မယ် အပြင်ထွက်ခဲ့”ဆိုပြီး အော်ဟစ်နေပါလေရော။ အဲလိုပြောတော့ ဆရာတော်က “ဧည့်သည်တွေက သူ့ကိုဘာလုပ်မိလို့တုန်း” “တကယ်တော့ ဒီလူဟာ ဦးထွန်းလူမဟုတ်ပါဘုရား ဦးထွန်းလူရဲ့ကိုယ်မှာဝင်ပူးနေတဲ့ နာနာဘာဝပါဘုရား လွန်ခဲ့တဲ့နှစ်ထဲက ဦးထွန်းလူက တောဝက်ပက်လို့ ဆုံးသွားခဲ့ပါပီ သူအသက်ထွက်ခါနီးမှာ နာနာဘာဝတစ်ကောင်က နေရာဝင်ယူလိုက်တာပါ” “ဒါဆိုဒီကဒကာလေးတို့ပြောတာက ဦးထွန်းလူက ဖုတ်ဝင်နေတာပေါ့ ဒါဖြစ်နိုင်ပါ့မလား ဖုတ်ဝင်နေတယ်ဆိုရင် အိမ်ကမိသားစုတွေကိုရှာကျွေးနေပါ့မလား” “တပည့်တော်လဲ ထူးဆန်းနေပါတယ်ဘုရား အခုဆရာတော်ခွင့်ပြုမယ်ဆိုရင် ဒီကျောင်းအဝမှာ တပည့်တော်ဖြေရှင်းပေးပါ့မယ် ခွင့်ပြုတော်မူပါဘုရား” “တကယ်ဆိုဆရာတော်က ဘာမှမပြောလိုပါဘူး သူ့မိသားစုကရော လက်ခံပါ့မလား ဧည့်သည်တို့အတွက် အန္တရာယ်ရှိနိုင်တယ်” “သူ့မိသားစုကိုလဲ ယုံအောင်တပည့်တော့ကြိုးစားပြောကြည့်ပါမယ် ခွင့်ပြုပါဘုရား” ဆရာတော်ခွင့်ပြုချက်ရတော့ ကျွန်တော်တို့ကျောင်းအဝကိုဆင်းလာခဲ့တယ်။ ကျောင်းအဝရောက်တော့ ဓားတဝင့်ဝင့်နဲ့ ကျွန်တော်နဲ့ဆရာကိုခုတ်ဖို့ တကဲကဲလုပ်နေတာ။ “ဦးထွန်းလူ ဘယ်လိုဖြစ်တာလဲ ခင်ဗျားနဲ့ကျုပ်တို့ကရန်ငြိုးမှမရှိတာ ကဲပါ ဟိုအမိ ဘယ်လိုဖြစ်လဲပြောပါဦး” “အဖေပြန်လာတော့ ဒီကဧည့်သည်တို့ပေးတဲ့ စာရွက်ကိုပေးလိုက်တယ်- အဖေကအဲစာရွက်ကို မြင်တော့ ပစ်ထုတ်ခိုင်းတယ်၊ ကျွန်မလဲ ပစ်ထုတ်လိုက်တော့ အဖေကဓားဆွဲပီး ဒီကိုလိုက်လာတာပဲ” တစ်ရွာလုံးလာကြည့်တဲ့သူတွေကများလွန်းလို့ အုံခဲနေတာ ထိုအခါ ဆရာက “ဒီလောက်နေရရင်တော်ရောပေါ့ ဘာလို့သဘာ၀ကိုဆန့်ကျင်ချင်ရတာလဲ ခင်ဗျား ဘယ်သူလဲပြော သေချာတာက ခင်ဗျားက ဦးထွန်းလူမဟုတ်ဘူး” ဟင် ဟာ– အို မဖြစ်နိုင်တာ ဘာတွေလျောက်ပြောနေတာလဲ စကားသံတွေက ကြွက်စိကြွက်စိပေါ်လာတယ်။ ထိုအခါ ဆရာက “ကျုပ်ပြောတာကို ကျုပ်သက်သေပြမယ် ကပ္ပိယကြီး အခေါင်းတစ်လုံးနဲ့ ရေအိုးသုံးလုံး အသင့်ပြင်ထားပေးပါ” “ကဲ ဦးထွန်းလူ ခင်ဗျားက ဦးထွန်းလူဆိုတာ သေချာရင် ဒီတားထားတဲ့စည်းဝိုင်းကို ကျော်လာခဲ့ပါ”ဆိုပြီး စည်းသုံးတန်တားလိုက်တယ်။ “ရွာသားတွေထဲက တစ်ယောက် ဒီစည်းထဲကိုကျော်လာလိုက်ပါ- သာမန်လူဆိုရင် ဘာမှမဖြစ်ပါဘူး” ရွာသားတစ်ယောက်က စည်းထဲကိုဝင်လိုက်တယ်။ “ကဲ အားလုံးအမြင်ပဲနော် ဘာမှမဖြစ်ဘူး ဦးထွန်းလူ ခင်ဗျားကတကယ့်ဦးထွန်းလူဆိုရင် ဒီစည်းလေးကို ကျော်လာခဲ့ပါ” ထိုသို့ပြောလိုက်တော့ မျက်လုံးတွေပြူးပြီး ကျွန်တော်တို့ကို စိုက်ကြည့်နေတာ။ “ခင်ဗျားက ဒီမိသားစုကိုလုပ်ကျွေးနေတယ်ဆိုတာ သိရလို့ ကျုပ်တို့လေးစားပါတယ်။ ဒါကြောင့် ကျုပ်တို့ခင်ဗျားနာကျင်အောင် မလုပ်ချင်ပါဘူး အေးဆေး ဒီကနေထွက်သွားပါ” ကျွန်တော်တို့ပြောတာတွေကို ရွာသားတွေနားမလည်အောင်ဖြစ်နေတယ်။ တစ်ယောက်တစ်ပေါက်နဲ့ ပြောနေကြတယ်။ ထိုအခါ ဆရာက “ဟိုကလေးမ မင်းကဦးထွန်းလူသမီးလား” “ဟုတ် ဟုတ်ကဲ့” “အဲဒါဆို မင်းအဖေ ဦးထွန်းလူက လွန်ခဲ့တဲ့နှစ်က တောဝက်ပက်လို့ ဆုံးသွားပီ သူ့ခန္ဓာကိုယ်ကိုတစ်ခြားတစ်ယောက်ဝင်ပူးထားတာ” “မဟုတ်ဘူး အဖေက အဲလိုမဟုတ်ဘူး ဒါဆိုအဖေကဖုတ်ဝင်နေတယ်လို့ပြောချင်တာလား အဖေက အဲလိုမဟုတ်ဘူး သာမန်လူလိုပဲနေတာ အခုထိ ဘာမှဒုက္ခမပေးခဲ့ဘူး မဟုတ်ဘူး လိမ်နေတာ” ကျွန်တော်စိတ်ညစ်သွားတယ်။ ဘယ်လိုရှင်းပြရမလဲတွေးနေတုန်း “ဦးထွန်းလူ တစ်ဖြစ်လဲဒီကမိတ်ဆွေ ခင်ဗျားပြောမလား ကျုပ်လုပ်ရမလား”လို့ဆရာကမေးတော့မှ “ငါသိတယ် ငါသိတယ် ဒီရွာကိုသူတို့စရောက်ထဲကငါသိတယ် ငါကိုကညံ့တာ ငါသွားပေးမယ် ငါမှမင်းတို့ကို မနိုင်တာ” ီုဦးထွန်းလူကအဲလိုပြောတော့ ဆရာက “နေဦး မသွားနဲ့ဦး ခင်ဗျားဘယ်သူဆိုတာပြောသွား” “ကျုပ်က ဦးဖိုးလူ” ဟာ အမလေး အိုး– ဦးဖိုးလူဆိုတာ ထွန်းလူ အဖေလေ သူကသေသွားတာကြာပီ- ဟုတ်ပါ့မလား မဖြစ်နိုင်ဘူးထင်တယ် ရွာသားတွေရဲ့စကားတွေ ထွက်လာပြန်တယ်။ “အဖေ ဘာတွေပြောနေတာလဲ အဖေကဘာလို့ အဖိုးနာမည်ပြောရတာလဲ” “ငါ့သားထွန်းလူ တောဝက်ပက်ခံရတော့ ငါသူ့ဘေးမှာရှိနေတာ ငါ့မြေးတွေကိုစိတ်မချလို့ သူ့ကိုထဲဝင်ပြီး လုပ်ကျွေးနေတာ အခုငါသွားရတော့မယ် ငါနေမရတော့ဘူး မြေးလေးတို့ဂရုစိုက်ကြ ဟိုကောင်တွေ သာအောင် ထွန်းကျော်တို့ ငါ့မြေးတွေကိုစောင့်ရှောက်ကြနော် ငါမင်းတို့ကိုခေါ်ချင်ပါတယ် ငါ့ကိုရိပ်မိမှာစိုးလို့မခေါ်တာ ငါသွားပီနော်”လို့ပြောပြီး ဗိုင်းခနဲအရုပ်ကြိုးပြတ်လဲကျသွားတယ်။ ကျွန်တော်လဲ အသင့်လုပ်ခိုင်းထားတဲ့ အခေါင်းထဲ ထည့်ဖို့လုပ်ချိန်မှာ တစ်ဖြေးဖြေး အသားတွေကွာကျ လောက်ကောင်တွေတဖွားဖွားထွက်လာတာမြင်လိုက်ရတယ်။ အော် သံယောဇဉ် ဘဝခြားနေတာတောင် လုပ်ကျွေးနေသေးတာပဲလို့ တွေးလိုက်မိတယ်။ ကျွန်တော်တို့လဲ ဆရာတော်ကိုလျောက်ကာ နောက်တစ်နေရာကို ခရီးဆက်ခဲ့လေတော့သည်။ ရွာကအထွက်မှာ “သက်ခိုင် ဟိုအပင်မှာ ဦးဖိုးလူနေတယ်”ဆိုပြီး ရွာထိပ်ကဇီးပင်ကိုလက်ညိုးထိုးပြတယ်။ ကျွန်တော်လဲ ဇီးပင်ကိုကြည့်ပြီး လက်ပြကာ “ကျွန်တော်တို့သွားပီ ဦးဖိုးလူရေ နောက်ထပ်အဲလိုမလုပ်နဲ့တော့နော်”လို့ အော်ပြောတော့ ဇီးပင်ကြီးက အလိုလိုလှုပ်လာတာမြင်လိုက်ရတယ်။ တစ်ဖြေးဖြေးနဲ့ဇီးပင်ကြီးက အဝေးတွင်မှုန်ပြစွာ—–
လေးစားစွာဖြင့်
ဇေယန (ရာမည)