“ဟားး–ဟားး–ဟားး–ဟားး–
ဟားး–ဟားး–ဟား…ဟား;–ဟားး–”
ကျယ်လောင်သော ရယ်မောသံကြီးသည် အခန်းတစ်ခု၏အတွင်းမှထွက်ပေါ်လာခဲ့သည်။ “ဝုန်းး—ဒုန်းး—ဘုန်းးး—” ရယ်မောသံကြီးနှင့်အတူ ထွက်ပေါ်လာသော ဆူညံသံများကလည်း အဆက်မပြတ်ပင်။ “ဟဲ့…ဟဲ့…ဟဲ့…ကိုကိုကြီး သောင်းကျန်းနေပြီထင်တယ်…” အခန်းအပြင်မှအပြေးရောက်လာသော အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးတို့သည် အခန်းအတွင်းသို့ဝင်ဖို့ရန်လည်း မရဲကြသလိုပုံစံဖြင့်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေခဲ့ကြသည်။ “နောင်နောင်…နင်ဝင်ကြည့်လိုက်လေ” “ဟာ…မမတို့ကလည်း…ကျုပ်ကြောက်တယ်ဗျ… တလောကပဲ ကျုပ်လည်ပင်းညှစ်ခံထားရတာလေ ဗျာ…” “ဒါဆိုရင်လည်း…မြကြည်…နင်ဝင်လိုက်လေ…” “ဟာ…မမကြီးကလည်း…မမကြီးပဲဝင်လေ… မမကြီးကဒိအိမ်မှာအကြီးပဲဟာကို…” မောင်နှမသုံးယောက် သူဝင်ငါဝင်နဲ့စကားများနေကြသည်။ သူတို့ပြောနေစဉ်အခန်းအတွင်းဆီမှ ဆူညံနေသော အသံများသည် ပြန်လည်တိတ်ဆိတ်သွားသည်မို့… “ဘယ်သူမှလည်း မဝင်ပါနဲ့တော့ဟယ်… သူလည်းငြိမ်သွားပြီဆိုတော့… နေပါစေတော့…တို့တွေလည်း အောက်ထပ်ပြန်ဆင်းကြတာပေါ့…” သူတို့သုံးယောက်လည်း အောက်ထပ်သို့ဆင်းဖို့ရန် အနောက်သို့လှည့်ပြန်လာကြသည်။ “အားး–သွားမလာကြနဲ့…မလာကြနဲ့… ငါ့ကိုမခေါ်ကြနဲ့…ငါ့…ငါ့ပစ္စည်းတွေကိုမယူကြပါနဲ့… ငါ့ပစ္စည်း…ငါ့ပစ္စည်း…..” အော်သံကြီးထွက်ပေါ်လာပြန်တော့မောင်နှမသုံးယောက် သက်ပြင်းကိုယ်စီချပြီး… လှေကားမှဆငိးလာခဲ့ကြ၏။ အောက်ထပ်ရှိ ထမင်းစားခန်းသို့ရောက်လေတော့ စားပွဲပေါ်ရှိမနက်စာကို ချက်ချင်းမစားနိုင်သေးဘဲ… ငေးငိုင်၍ကြည့်နေကြပြန်သည်။ “မမတို့…ကိုကိုကြီးကို ဒီအတိုင်းပဲပစ်ထားကြတော့မှာလား” ဟု…မောင်အငယ်ဆုံးနောင်နောင်မှမေးလေတော့… “ဟဲ့…နောင်နောင်…ငါတို့ကဘယ်မှာပစ်ထားလို့လဲ… သူ့အတွက် ဆရာတွေစုံအောင်ရှာပြီး ကုသပေးနေတာပါဟယ်…” “အေးလေ” မမကြီးသန်းကြည်၏စကားကိုအလတ်မ မြကြည်က ထောက်ခံလိုက်သည်။ “မဟုတ်ဘူးလေဗျာ…မမတို့အခုရှာနေတဲ့ဆရာတွေက ထိထိရောက်ရောက်မကုနိုင်လို့သာ ကိုကိုကြီးက မပျောက်တာပေါ့… ဒါပေမယ့် ကျုပ်အညာဘက်က အသိတစ်ယောက်ဆီက သတင်းတစ်ခုကြားထားတယ်မမတို့ရဲ့” “ဘာသတင်းများတုန်း…နောင်နောင်ရဲ့…” “ဘာသတင်းကမှာတုန်းဗျာ…ကျုပ်အသိကပြောတယ်… သူတို့နယ်ထဲကသောင်ထွန်းဆိုတဲ့ရွာမှာ… ပညာထက်တဲ့မိန်းမကြီးတစ်ယောက်ရှိတယ်တဲ့ဗျ…” “ပညာထက်တယ်ဆိုတာ ဘာကိုပြောတာလဲနောင်နောင်ရဲ့” “ပညာထက်တယ်ဆိုတာဗျာ…သရဲတွေအပြင် အောက်လမ်းနဲ့ပြုစားခံရတဲ့ပရောဂတွေ ကုတဲ့နေရာမှာ အတော် တော်ပြီး နာမည်ရနေတဲ့သူကိုပြောတာဗျ” “ဟဲ့… အဲ့သည်လိုကုတာက…အခုကိုကိုကြီးဖြစ်နေတာနဲ့ ဘာဆိုင်လို့တုန်း…တို့ကိုကိုကြီးကရူးနေတာလေဟယ်” “အလတ်မရယ်…နင်ပြောလိုက်မှပဲ ငါ့အစ်ကို ကိုအရူးဇာတ်သွင်းရတယ်လို့” “မဟုတ်လို့လားမမကြီးရယ်…” “အေး…ဟုတ်တာတော့ဟုတ်တာပေါ့အေ… ဒါပေမယ့်အဲ့သည်လိုလည်းမပြောသင့်ဘူးဟဲ့…” မြကြည်သည်သန်းကြည်၏စကားကြောင့် နှုတ်ဆိတ်သွားတော့သည်။ “အဲ့တာလေမမကြီး… ကျုပ်တစ်ခါလောက်တော့ပင့်ချင်တယ်ဗျာ” နောင်နောင်ကပြောလေတော့ သန်းကြည်စဉ်းစားနေသည်။ ခဏမျှကြာတော့… “အေးလေ…မမကြီးတို့မှာငွေကြေးက ရှိနေပြီးသားပဲမဟုတ်လား… ဒီတော့ဟုတ်သော်ရှိမဟုတ်သော်ရှိ… ပင့်ကြည့်ကြတာပေါ့နောင်နောင်ရယ်” မမကြီးသန်းကြည်၏စကားကြောင့် နောင်နောင်ပျော်ရွှင်သွားသည်။ “ဒီလိုဆိုရင်နောင်နောင်သွားပင့်ရမှာလားမမကြီး” “အိုကွယ်…မင်းက ဒီကပွဲရုံအလုပ်တွေကိုလည်း ကိုကိုကြီးရဲ့ကိုယ်စားဦးဆောင်နေရတာမဟုတ်လား… ဒီတော့မမကြီးနဲ့အလတ်မ မြကြည်ပဲသွားလိုက်ပါ့မယ်” “ဒီလိုဆိုရင်ကျုပ်လိပ်စာအပြည့်အစုံသေချာ မေးလိုက်ပါဦးမယ်… ပြီးတော့မမကြီးတို့နဲ့အတူ ကျုပ်တပည့်နှစ်ကောင်ကိုပါ ခေါ်သွားလိုက်ဗျာ…မဟုတ်ရင် လမ်းခရီးမှာကျုပ်ကစိတ်မချဘူးဗျ” “အေးပါကွယ်…” သန်းကြည်တို့လည်း နောင်နောင်၏စကားကို လက်ခံလိုက်ကြသည်။ မိဘများမရှိသည့်နောက်ပိုင်း…မောင်နှမလေးယောက် တစ်ယောက်အပေါ်တစ်ယောက်စောင့်ရှောက်ရင်း အတူနေထိုင်လာခဲ့ကြသည်။ အိမ်၏စီးပွားရေးကို ဦးဆောင်လုပ်ကိုင်သော အကြီးဆုံးသား ရန်ကြီးမောင်သည် စီးပွားလုပ်ရာ၌ အလွန်လောဘကြီး၏။ မောင်နှမများအပေါ်အလွန်ချစ်ခင်တတ်သူဖြစ်ပေမယ့် စီးပွားရေးလောက၌ ရန်ကြီးမောင်အား… ငွေဘီးလူးဟုပင် ခေါ်ကြသည်။ ထိုနာမည်ကိုလည်း သန်းကြည်တို့မောင်နှမများက မကြိုက်ကြပေမယ့် ရန်ကြီးမောင်ကတော့ သဘောကျနေပေသည်။ ထိုသို့နေရင်းမည်သို့အကြောင်းကြောင့်မသိ… ရန်ကြီးမောင်တစ်ယောက်…အိပ်ချိန်…စားချိန်များ မှုမမှန်လာပြီး …နောက်မကြာပါ… သွက်သွက်ခါအောင်ရူးတော့သည်။ ဆရာများရှာဖွေ၍ ကုသပေးပါသော်လည်း ရန်ကြီးမောင်၏ရောဂါကပျောက်ကင်းသည်မရှိခဲ့။ ဒါ့အပြင်ရန်ကြီးမောင်သည် တစ်နေ့ထပ်တစ်နေ့ပိုပိုဆိုးလာပြီးမောင်နှမများကိုပါ မသိတော့သလို…ရန်မူတတ်သောကြောင့်အခန်းထဲ၌ သံခြေကျင်းများပင် ဝတ်ပေးထားရပြီး အခန်းကိုလည်းအပြင်မှသော့ခတ်ထားရပေသည်။ ထိုမျှလောက်သွက်သွက်ခါအောင်ရူးနေသော ရန်ကြီးမောင်အတွက် သန်းကြည်တို့မောင်နှမသုံးယောက် သောင်ထွန်းရွာမှ ဘွားမယ်စိန်၏ အကြောင်းကို သိရှိသွားကြပြီးနောက် မြို့၌သူတို့နေထိုင်သော လူချမ်းသာရပ်ကွက်ဆီသို့ပင့်ခေါ်ဖို့အရေး ပြင်ဆင်ကြတော့လေသည်။
+++++++++++++++++++++
“အရီး…” နေ့ခင်းအချိန်၌ ခြံဝိုင်းထဲတွင် ခရမ်းသီးနဲ့မျှစ်များကိုအခြောက်လှမ်းဖို့ပြင်ဆင်နေသော ဒေါ်ဝင်းအား ခြံဝိုင်းအပြင်မှမောင်တိုးအော်ခေါ်လိုက်သည်။ “ဟဲ့…မောင်တိုး…နေကပူပူနဲ့ဘယ်ကိုတုန်း” “ဘယ်ကိုမှမဟုတ်ပါဘူးဗျာ…ဒီမှာဧည့်သည်တွေပါလာလို့ လာပို့တာပါအရီးရဲ့” “သြော်…အေးဟယ်…ငါကလည်းမမြင်မိဘူး… လာ…လာအထဲကိုခေါ်ခဲ့…နေကပူပူနဲ့ဟယ်” “ဝင်ကြပါခင်ဗျ…” ဧည့်သည်အမျိုးသမီးနှစ်ဦးသည် မောင်တိုးနဲ့အတူ ခြံဝိုင်းထဲသို့ဝင်လာကြသည်။ ဒေါ်ဝင်းက အမျိုးသမီးနှစ်ဦး၏ဟန်ပန်နှင့်ဝတ်ဆင်ထားသော အဝတ်အစားများကိုကြည့်၍အကဲခတ်နေခဲ့သည်။ အမျိုးသမီးနှစ်ဦးကိုကွပ်ပျစ်၌နေရာချပေးပြီးသည်နှင့်… “အရီး…ဘွားကရောအိမ်မှာမရှိဘူးလား… ဘယ်ကိုအလည်ထွက်သွားတာလဲ” “နင့်အဘွားလား…ခြံနောက်ဖေးမှာရှိတယ်… ပူလို့တဲ့ မာလကာပင်အောက်မှာထိုင်နေလေရဲ့…” “သြော်…ဒါဆိုရင်လည်းကျုပ်သွားခေါ်ဦးမှပါဗျာ” မောင်တိုးတစ်ယောက်ဒေါ်ဝင်းကိုပြောရင်းနဲ့ ချက်ချင်းပင်ခြံနောက်ဖေးဆီသို့သွားလေသည်။ ခဏကြာတော့ မောင်တိုးနဲ့အတူ ဘွားမယ်စိန်သည် နှီးယက်တောင်ကြီးကို လက်မှတဖျပ်ဖျပ်ခတ်ရင်း လိုက်ပါလာခဲ့၏။ ကွပ်ပျစ်ပေါ်ထိုင်နေသော အမျိုးသမီးများကိုမြင်တော့ တစ်ချက်ကြည့်လိုက်ပြီးကွပ်ပျစ်ခင်း၌ဝင်ထိုင်လိုက်သည်။ မောင်တိုးနဲ့ဒေါ်ဝင်းသည်က ဧည့်သည်တို့အတွက် ရေနွေးကြမ်း၊လက်ဖက်နဲ့ ငှက်ပျောသီးများ လင်ဗန်းတစ်ချပ်ထဲ၌ပြင်ဆင်ကာ ချပေးကြသည်။ “ဒီက ဧည့်သည်များက ဘွားဆီကိုဘာအကြောင်းများရှိလို့ရောက်လာကြတာလဲ… ပြီးတော့ဒီအနီးအနားရွာတွေဆီက လာကြတာတော့ဟုတ်မယ်မထင်ဘူး” “ကျွန်မတို့က မြို့ပေါ်ကပါ… ဘွားဆီကိုလာရတာကလည်း အကူအညီတောင်းစရာလေးရှိနေလို့ပါရှင်” “ဘယ်လိုအကူအညီမျိုးလဲ” “ကျွန်မတို့အကူအညီတောင်းတဲ့အကြောင်းကို မပြောခင်အရင်မိတ်ဆက်ပါရစေဦးရှင်… ကျွန်မနာမည်က မသန်းကြည်ပါ… ဒါက ကျွန်မညီမ မမြကြည်လို့ခေါ်လို့ပါတယ်။ ကျွန်မရဲ့အထက်မှာကိုရန်ကြီးမောင်လို့ခေါ်တဲ့ အစ်ကိုတစ်ယောက်ရှိပြီး…ဒီမြကြည်ရဲ့အောက်မှာတော့ ရန်ကြီးနောင်ဆိုတဲ့မောင်အငယ်ဆုံးလေး တစ်ယောက်ရှိပါတယ်” “ဒါဆိုရင်ညည်းတို့ကမောင်နှမလေးယောက်ပေါ့” “ဟုတ်ပါတယ်ဘွား…အခုလာရတဲ့အကြောင်းရင်း ကလည်းကျွန်မတို့ရဲ့အစ်ကိုကြီးရန်ကြီးမောင်အတွက်ပါပဲ… အစ်ကိုကြီးတစ်ယောက်မောင်နှမတွေကိုမမှတ်မိဘဲ သွက်သွက်ခါအောင်ရူးနေပါတယ်ရှင်… ကျွန်မတို့လည်းဆရာပေါင်းစုံနဲ့ကုပြီးပါပြီ… ဒါပေမယ်လို့ သူ့ရဲအခြေအနေက ပြောင်းလဲမလာပါဘူးဘွားရယ်…” “အင်း…ဒါဆိုရင်တော့… ညည်းတို့တွေ ဒီရွာကို နေရာများ မှားပြီးတော့များ ရောက်လာကြတာလားအေ” “ရှင်…” ဘွားမယ်စိန်၏စကားကြောင့် သန်းကြည်နဲ့မြကြည်တို့လည်းအံ့သြသင့်သွားကြသည်။ ပြောရဦးမည် သန်းကြည်နဲ့ဒေါ်ဝင်းကအသက် တရွယ်ထဲဖြစ်ပြီးမြကြည်ကတော့ဒေါ်ဝင်းထက်ငယ်ပုံရ၏။ “ဟုတ်တယ်လေအေ…ဘွားက ပရောကပဲကုနိုင်တာအေ့… အခုလို စိတ်ရောဂါတွေတော့ ဘွားကုပေးနိုင်လိမ်မယ်လို့မထင်ပါဘူးလေ” “အဲ့သည်လိုတော့အဆုံးထိမပြောလိုက်ပါနဲ့ဘွားရယ်… ကျွန်မတို့မှာအဝေးကနေမိန်းမသားတွေတန်မဲ့ အားကိုးတကြီးရောက်လာခဲ့ကြရတာပါ… ဖြစ်နိုင်ရင်တော့ဘွားကိုလိုက်ကြည့်ပေးပါလို့ တောင်းဆိုပါရစေတော်” သန်းကြည်ကဘွားမယ်စိန်ကိုပြောလေတော့ ဘွားမယ်စိန်စဉ်းစားနေသည်။ မြကြည်ကလည်း… “ဟုတ်ပါတယ်ဘွားရယ်… ကုနိုင်တာ…မကုနိုင်တာထက် လိုက်ကြည့်ပေးပါတော်… ဘွားလိုက်ကြည့်ပေးတယ်ဆိုရင်ဖြင့် ကျွန်မတို့ကျေနပ်ပါပြီ” ထပ်မံကာပြောလေတော့မှ ဘွားမယ်စိန်သည် ခေါင်းတစ်ချက်ညိတ်လိုက်ပြီး… “ကောင်းပြီလေ…ဘွားလိုက်ခဲ့ပါ့မယ်… ဒါပေမယ်လို့…တစ်ခုတော့ရှိတယ်အေ့… အဲ့တာဘာလည်းဆိုတော့ ဘွားနဲ့အတူဘွားသားတပည့်နှစ်ယောက်ကိုပါအတူခေါ်လာရလိမ့်မယ်နော်…” “ဟုတ်ကဲ့…ရပါတယ်ဘွား…ခေါ်ခဲ့လို့ရပါတယ်” သန်းကြည်နဲ့မြကြည်တို့လည်းဘွားမယ်စိန်က လိုက်ခဲ့မည်ဆို၍ဝမ်းသာသွားကြတော့သည်။
+++++++++++++++++++++
ဘွားမယ်စိန်တို့လည်း မြို့ရှိသန်းကြည်တို့၏ နေအိမ်ဆီကိုရောက်ရှိလာခဲ့ကြသည်။ “ဘွားတို့လည်းခရီးပန်းလာကြတာဆိုတော့ အနားယူကြပါဦး… ဟဲ့…မိမာ… ဒီဆီကိုမုန့်နဲ့လက်ဖက်ရည်တွေယူလာပေးဦးလေ” အလတ်မ မြကြည်က အိမ်ဖော်ကိုအော်၍ပြောလိုက်သည်။ မောင်တိုးနဲ့မောင်အုန်းကတော့ နှစ်ထပ်အိမ်ကြီး၏ ခန်းနားသစ်လွင်မှုကိုတစ်ခါမှမမြင်ဖူးသည့်အလား ငေးမောကြည့်နေကြ၏။ “ဘွားအတွက်တော့ ရေအေးအေးလေးတစ်ခွက်ပဲ အရင်ပေးပါအေ…” ဟု…ဘွားမယ်စိန်ကပြောလေတော့ အိမ်ဖော်တစ်ယောက်ကအမြန်သွားယူပေးသည်။ မောင်တိုးနဲ့မောင်အုန်းတို့သည် ချပေးသောအစားအသောက်များကိုလက်ဖက်ရည်ဖြင့်မျောချရင်း အလွန်စားကောင်းနေကြ၏။ ဘွားမယ်စိန်က ငှက်သီးတစ်လုံးကိုသာယူစားပြီး မောင်တိုးတို့စားနေသည်ကိုပြုံးပြုံးကြီးကြည့်နေလေသည်။ သူတို့စားပြီးလေမှ… “သန်းကြည်…ဘွားကိုလူနာဆီလိုက်ပို့ပေးပါဦး” “ဘွားရယ်…ခရီးကအခုမှရောက်တာဆိုတော့ အရင်နားပါဦးလား” “နားတာကပြီးမှအေးအေးလူလူနားလို့ရပါတယ်အေ… လူနာကိုအရင်ကြည့်စမ်းပါရစေဦး” ဘွားမယ်စိန်ကပြောလေတော့ သန်းကြည်နဲ့မြကြည်က အိမ်၏အပေါ်ထပ်အခန်းဆီကိုလိုက်ပို့ပေးကြသည်။ အခန်းတံခါးဝဆီသို့ရောက်တော့… “မောင်ငယ်လေးနောင်နောင်ကတော့အိမ်မှာမရှိသေးဘူးဘွား… တစ်ခုခုဆိုရင် ထိန်းလို့ရအောင် ဟိုမောင်လေးတို့ကအသင့်ပြင်ထားကြပါဦးနော်” သန်းကြည်၏စကားကိုမောင်တိုးတို့ကခေါင်းညိတ်ပြကြသည်။ ထို့နောက်အခန်းတံခါးကိုဖွင့်လေတော့ သူတို့အားကျောပေးထိုင်နေသော လူတစ်ယောက်၏ကျောပြင်ကိုမြင်လိုက်ရသည်။ ဘွားမယ်စိန်သည်သံခြေကျင်းများ…သံကြိုးများနဲ့ အခန်းတစ်ခုလုံးအားဝေ့ဝိုက်၍ကြည့်လိုက်သည်။ ပြီးလေမှ… “မောင်ရန်ကြီးမောင်…” ဟုခေါ်လေတော့ ကျောပေးထားသောသူ၏ခန္ဓာကိုယ်သည် ဆတ်ခနဲတစ်ချက်တွန့်သွားပြီး အနောက်ဆီသို့ခေါင်းလှည့်လာ၏။ ဘွားမယ်စိန်ကိုတစ်ချက်စိုက်ကြည့်ပြီးနောက် သူ၏ဘေးကိုပြန်ကြည့်၍… “သွား…ငါ့ဆီမလာနဲ့…မလာကြပါနဲ့… ငါ့ပစ္စည်း…ငါ့ပစ္စည်းတွေမယူကြပါနဲ့…….” ဟု…စူးစူးဝါးဝါးထအော်လေတော့သည်။ ဘွားမယ်စိန်က သန်းကြည်အား… “ဘွားတို့အောက်ထပ်ကိုပြန်ဆင်းကြတာပေါ့” ဟုပြောပြီးအခန်းထဲမှထွက်သွားလေတော့သန်းကြည်နဲ့ မြကြည်လည်းအနောက်မှလိုက်လာခဲ့ရသည်။ အောက်ထပ်ဆီသို့ရောက်တော့ အိမ်ဖော်များကိုတစ်ချက်ကြည့်ပြီး… “အခုဘွားပြောမယ့်အကြောင်းအရာကို ညည်းတို့ကိုပဲကြားစေချင်တယ်…” ဟု…သန်းကြည်ကိုပြောလေတော့ ဘွားမယ်စိန်စကားရဲ့ဆိုလိုရင်းကိုသိသောသန်းကြည်သည်… “ကောင်မလေးတွေ… ညည်းတို့အားလုံးခြံထဲက အလုပ်သမားတန်းလျားကိုပြန်လို့ရပြီ” ဟု…ပြောလေတော့အိမ်ဖော်မလေးများလည်း ခြံထဲသို့ပြန်သွားကြတော့သည်။ အိမ်ဖော်မလေးများမရှိတော့လေမှ… “ညည်းတို့ရဲ့ဒီအိမ်မှာညည်းတို့အားလုံးကို မကျေမနပ်နဲ့စောင့်ကြည့်နေတဲ့ မကျွတ်မလွတ်တဲ့ နာနာဘာဝတွေရှိနေတယ်…” “ရှင်…” “ဟင်…” သန်းကြည်နဲ့မြကြည်တို့အံသြသင့်ယုံမက ကြောက်လန့်သွားကြသည်။ မောင်တိုးနဲ့မောင်အုန်းကတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြ၏။ “ဟုတ်တယ်…ဟိုကလေးမ လာ…ဒီကို” ဘွားမယ်စိန်သည် သန်းကြည်တို့၏တခြားတစ်ဖက်နေရာသို့ ကြည့်၍ပြောလိုက်သည်။ “ညည်း…ဒီအိမ်နဲ့ဘာအငြိုးတွေရှိနေတာလဲ” ထပ်မံကာမေးပြန်သည်။ “အင်း…ဟုတ်ပြီ…ပြော…ဘွားကိုပြော… အင်း….သြော်…ဒီလိုကို…” ဘွားမယ်စိန်ကို သန်းကြည်တို့အားလုံးစိတ်ဝင်တစားကြည့်နေကြသည်။ သူတို့အကြည့်ကိုဘွားမယ်စိန်က ဂရုမစိုက်။ ပြီးလေမှသန်းကြည်ကိုကြည့်၍… “ညည်းတို့အေ…လုပ်မှလုပ်ရက်ကြတယ်…” ဟု…စိတ်မကောင်းဟန်ဖြင့်ပြောလိုက်သောအခါ သန်းကြည်မှ… “ဘွား…ဘာတွေပြောနေတာလဲ… နောက်ပြီးဘယ်သူနဲ့စကားပြောနေတာလဲ” “ဒီအိမ်…ဒီအိမ်ကညည်းတို့အိမ်မဟုတ်ဘူး… ညည်းတို့အစ်ကိုကသာ ဒီအိမ်ကို မတရားသိမ်းထားလို့ကျိန်စာတွေမိနေတာ…” “ရှင်…” “သေချာလို့လား ဘွားရယ်…” သန်းကြည်အံ့သြသွားချိန် မြကြည်မှ ထမေးလေသည်။ “ဒီကလေးမနာမည်က မကျေးနု…သူ့မိဘများနဲ့သူက ဒီအိမ်ရဲ့အပေါ်ထပ်မှာပဲ ကြိုးဆွဲချသေထားကြတာ… အဲ့တာတော့ညည်းတို့ သိကြတယ်မဟုတ်လား…” သန်းကြည်နဲ့မြကြည်မျက်လုံးပြူးသွားကြသည်။ သူတို့စကားမဆိုနိုင်ခင်… “ညည်းအစ်ကိုက မတော်လောဘနဲ့ သူတို့အိမ်ကိုသိမ်းလိုက်တာလေ… သူတို့တွေ ညည်းအစ်ကိုကိုအတင်းတောင်းပန်ကြတယ်… မရဘူး…သူ့တပည့်တွေနဲ့နှိပ်စက်ခိုင်းတယ်…. ဒါ့အပြင်ပတ်ဝန်းကျင်မှာအရှက်ရအောင် နာမည်ဖျက်ကြတယ်…ကလေးမအဖေပေးစရာရှိတဲ့ အကြွေးနဲ့မတန်အောင်ကို ညည်းအစ်ကိုလုပ်ခဲ့တာ… အခုသူဖြစ်နေတာကလည်း သေသူတွေရဲ့ကျိန်စာစူးနေတာအေ့… ဒီတော့ကျိန်စာစူးရင်ဘာနဲ့ ကုကုမပျောက်နိုင်ဘူးဆိုတာ ညည်းတို့သိထားကြပေတော့အေ…” “ကျွန်မတို့…ကျွန်မတို့တကယ်မသိတာပါဘွားရယ်… ကျွန်မတို့တကယ်မသိတာပါတော်…” သန်းကြည်နဲ့မကြည်တို့လည်းစိတ်မကောင်းစွာငိုနေကြသည်။ “ကျွန်မတို့ဘာဆက်လုပ်ရမလဲပြောပါဘွားရယ်… ကိုကိုကြီးအမှားတွေကိုဘယ်လိုပြင်ပေးလို့ရဦးမလဲရှင်” သန်းကြည်၏အမေးကြောင့်ဘွားမယ်စိန်သည်… “အခုချိန်လုပ်ပေးနိုင်တာဆိုလို့…သူတို့ပစ္စည်းတွေသူတို့ပြန်ပေးဖို့ပါပဲအေ…ဒါပေမယ့်ညည်းတို့အစ်ကိုကတော့ သူကံပါသလောက်ခံစားရဦးမှာပဲ… ကျိန်စာဆိုတာကုမရဘူးလေ” “သူတို့ပစ္စည်းပြန်ပေးတာကတော့ အကြောင်းမဟုတ်ပါဘူး… ဒါပေမယ့်သူတို့ကသေသွားကြပြီဆိုတော့ ကျုပ်တို့ဘယ်လိုလုပ်ပေးရင်အဆင်ပြေမှာလဲဆိုတာ ပြောပြပေးပါဦး ဘွားရယ်…” “သူတို့ပိုင်ဆိုင်ခဲ့တဲ့ဒီအိမ်နဲ့ဒီခြံကို ညည်းတို့ဘက်ကနေပြီးတော့ ထိုက်သင့်တဲ့တန်ကြေးနဲ့ ပြန်ဝယ်ပါတယ်လို့ သူတို့ကိုတိုင်တည်ပြောရမယ်…။ ပြီးရင်ဒီအိမ်နဲ့ဒီခြံရဲ့တန်ကြေးရတဲ့ငွေနဲ့ပဲ သူတို့အတွက်ကုသိုလ်ပြု၊ အလှူအတန်းလေးလုပ်ပေးရမယ်… ဒါမှလည်းသူတို့မိသားစုလေး ကောင်းရာမွန်ရာကိုရောက်ကြမှာ …” “စိတ်ချပါဘွား….ကျုပ်တို့မောင်နှမတွေသေချာဆုံးဖြတ်ပြီး ဘွားပြောသလိုလေး လုပ်ပေးလိုက်ပါ့မယ်” သန်းကြည်၏စကားကိုဘွားမယ်စိန်ခေါင်းညိတ်လိုက်သည်။ ရန်ကြီးမောင်၏အရူးရောဂါမှာ…သမားရိုးကျမဟုတ်ဘဲ သူ့ကြောင့်ဘဝပျက်၍ကိုယ့်ကိုကိုယ်သတ်သေသွားကြရသော မိသားစု၏ကျိန်စာမိနေခြင်းပင်။ ထိုကြောင့်လည်းဘွားမယ်စိန်က ကုသပေးလို့မရဟုပြောပြီး နောက်တစ်နေ့၌ သောင်ထွန်းရွာသို့ပြန်လာခဲ့ကြတော့သည်။
ပြီးပါပြီ။
ယဉ်မင်း(ကန့်ဘလူ)