TTL

Posted on

ညက မိုးဖွဲဖွဲလေးရွာထားတော့ အအေးဓာတ်ကလေးက ရှိနေတာ ပေါ့ဗျာ။ မနက်ရောက်တော့ ကျုပ်မှာ တော်တော်နဲ့ကို မနိုးဘူးဗျ။ တာတေရေ- တာတေ ကျုပ်လန့်နိုးသွားရောဗျ။ ဝိုင်းဝက အသံကျယ်ကြီးနဲ့ အော်ခေါ်နေ တော့ ကျုပ်လန့်နိုးရောပေါ့ဗျာ။ အဘနဲ့ အမေကတော့ တန်းလျားမှာထိုင်ပြီး ထမင်းကြမ်းစားပြီး ရေနွေးကြမ်းသောက်နေကြတာဗျို့။ “ဟဲ့ ဒါ ဘယ်သူတုံး၊ တာတေ ထတော့လေ၊ ဝိုင်းဝမှာ ဘယ်သူ တုံးမသိဘူး၊ နင့်ကို ခေါ်လို့ဟဲ့”” ဒီအသံကြီး ကြားကတည်းက ကျုပ်က သိပြီးသားပါဗျာ။ “အမေရာ ဘယ်သူရှိရဦးမှာတုံးဗျာ၊ ဘန့်ဘွေးကုန်းက အမေ့ သူငယ်ချင်း ဘိုးစိတ်တိုကြီးရဲ့သား ကိုစိန်အေးကြီးပေါ့ဗျာ” “ဪ အာကျယ်စိန်အေးလား” “ဟုတ်ပါ့ဗျာ၊ ဒါကြောင့် အကျယ်ကြီး ကြားရတာပေါ့” “ဟဲ့ စိန်အေး လာလေ၊ တာတေရှိမှ နင်က လာမှာလား” “မဟုတ်ပါဘူး အရီးငွေစိန်ရဲ့၊ ဘိုးဉာဏ်ရော နေကောင်းလား” ကိုစံအေးကြီးက အော်ကျယ် အော်ကျယ်နဲ့ပြောရင်း အိမ်ပေါ်ကို တက်လာတာဗျ။ “စံအေးလားကွ၊ ဘိုးနေကောင်းပါတယ်”” “ဟာ တာတေကတော့ကွာ ခုမှ အိပ်ရာက ထတာကိုး၊ တယ် လည်းဇိမ်ရှိတာပဲကွာ၊ ငါ့မှာတော့ မိုးလင်းရုံရှိသေး၊ ဟဲ့ စံအေး တာတွေဆီ မသွားသေးဘူးလားဆိုပြီး ဘိုးတော်က အော်လိုက်လို့ ချက်ချင်းကို ပြေး ထွက်လာခဲ့ရတာပါကွာ” အဘဘေးမှာ ဝင်ထိုင်ရင်းနဲ့ ကိုကြီးစံအေးက ပြောတာဗျ။ “ဘိုးက ဘာကိစ္စရှိလို့ ကျုပ်ဆီကို လွှတ်လိုက်တာတုံးဗျ” “ဟကောင်ရ၊ မင်းဆရာကြီး ဘိုးလူပေ ရောက်နေတယ်လေကွာ။ “ဟာ ဟုတ်လား ကိုကြီးစံအေး၊ ဘိုးလူပေက ဘယ်တုန်းက ရောက်တာတုံးဗျ” “ညက မိုးချုပ်မှရောက်တာကွ၊ တို့ရွာက ကားကလည်း လမ်းမှာ ပျက်နေလို့ ညမိုးချုပ်မှ ရွာထဲဝင်လာတာ။ အဲဒီကားနဲ့ ဘိုးလူပေ ပါလာတာ ကွ၊ တို့လည်း ချက်ချင်းထမင်းပွဲပြင်မယ်လုပ်တော့ ဘိုးလူပေက ဥပုသ် စောင့်နေတာတဲ့ကွ၊ ထမင်းမစားဘူး၊ ဒါနဲ့ သံပုရာရည်ပဲ ဖျော်တိုက်ရတာ” အင်း အားလုံးက အချိန်ကိုက်ပဲ ဖြစ်လာတာပါလားလို့ ကျုပ်စိတ် ထဲမှာ တွေးလိုက်မိတယ်။ ကျုပ်တို့ဘက်ကတော့ လူစုံပြီပေါ့ဗျာ။ ကဝေကြီးဥက္ကာ ရောက်လာဖို့ပဲ လိုတော့တာဗျ။ လာမှလာပါ့မလားလို့တောင် ကျုပ် မှာ စိတ်ပူနေမိတာဗျို့။ “ကိုကြီးစံအေး ခဏစောင့်ဗျာ၊ ကျုပ်မျက်နှာသစ်လိုက်ဦးမယ်” မျက်နှာသစ်ပြီးတာနဲ့ အမေအသင့်ပြင်ထားတဲ့ ထမင်းကြမ်းကို စားတယ်။ ပြီးတာနဲ့ ကျုပ် ဘန့်ဘွေးကုန်းကို လိုက်ခဲ့တယ်ဗျ။ ဘိုးစံမောင်နဲ့ ထိုင်ပြီးစကားပြောနေတဲ့ ဘိုးလူပေက ကျုပ်ကို ပြုံးပြီးကြည့်နေတယ်ဗျ။ ဘိုးလူပေကတော့ ဒီအတိုင်းပဲဗျ။ သျှောင်တစောင်း လေးနဲ့ နှုတ်ခမ်းမွေးသဲ့သဲ့လေးနဲ့ တောက်နေတဲ့ မျက်လုံးတွေနဲ့ပဲဗျ။ “မောင်တာတေ နေကောင်းရဲ့လားကွဲ့” ““ဟုတ်ကဲ့ ကောင်းပါတယ် ဆရာကြီး” “ “မောင့်မိဘများရော နေကောင်းကြရဲ့လား” “ “ဟုတ်ကဲ့ ကောင်းပါတယ် ဆရာကြီး” ကျုပ်က ဆရာကြီး ဘိုးလူပေကို ကန်တော့လိုက်တယ်။ မျက်စိထဲ မှာတော့ အင်းဝတုန်းက ဘိုးဒိဗ္ဗကို မြင်နေတာပေါ့ဗျာ။ “အေး ကျုပ်လည်း အထက်အမိန့်အတိုင်း လာခဲ့ ရပြန်ပြီ မောင်တာတေရေ” “ဟုတ်ကဲ့ပါ ဆရာကြီး ဘာကိစ္စများ ရှိလို့တုံး ဆရာကြီးရဲ့” ကျုပ်က မသိသလိုပဲ မေးလိုက်မိတယ်ဗျ။ ဘိုးလူပေက စဉ်းစား နေပြီးတော့မှ ပြောတယ်ဗျ။ “နှစ်တွေရာနဲ့ချီပြီး အသက်ရှည်နေတဲ့ သက်တော်ရှည် ကဝေကြီး တစ်ယောက်ကို ရှင်းလင်းပစ်ရမယ့်တာဝန်ပဲ မောင်တာတေ၊ နို့ ဒီရက်ပိုင်း အတွင်းမှာ မောင်တာတေရော ထူးထူးခြားခြားဖြစ်တာတွေ မရှိဘူးလား ကွယ့်။ ““ရှိပါတယ် ဆရာကြီး” ““ဟေ .. ဘယ်လိုဟာမျိုးတုံးကွဲ့” “အိပ်မက်ရှည်ကြီးတစ်ခု မက်တာပါ ဆရာကြီး” ““ဘယ်လိုအိပ်မက်မျိုးတုံး မောင်တာတေ” ““အင်းဝကို မက်တာပါ ဆရာကြီး၊ ဗားမဲ့ဆရာတော်လည်း ပါ တယ်၊ တောင်ငူကို စစ်တိုက်တာတွေလည်း ပါတယ်” ““အင်း၊ မောင်တာတေမက်တဲ့ အိပ်မက်ကိုပဲ ကျုပ်လည်း မက် တယ် မောင်တာတေ၊ သံသရာဆိုတာ ဒီလိုပဲ လည်နေတာပါပဲ မောင်တာ တေရယ်၊ ကျုပ်စိတ်မကောင်းတာက မဖဲဝါအတွက်ပါပဲကွယ်” “ဟုတ်တယ် ဆရာကြီး၊ ကျုပ်လည်း အစ်မ မဖဲဝါအတွက်တော်တော်စိတ်မကောင်းဖြစ်သွားတယ်ဗျာ၊ ဒါပေမဲ့ သူက ကျွတ်ချိန် မရောက်သေးဘူးလို့ ပြောတယ် ဆရာကြီး” ဆရာကြီးက သက်ပြင်းချလိုက်တယ်ဗျ။ “ဒါထက် မောင်တာတေ၊ ပစ္စည်းတွေ ယူစရာရှိတာ ယူပြီးပြီလားကွဲ့” “ဟုတ်ကဲ့ ယူပြီးပါပြီ ဆရာကြီး” ““ဘာတွေများတုံးကွဲ့” “ဗားမဲ့ဆရာတော်ကြီးကိုယ်တိုင် စီရင်ခဲ့တဲ့ အင်းတစ်ချပ်နဲ့ ဂဠုန် တောင်ဝှေးတစ်ချောင်းပါ ဆရာကြီး” ဆရာကြီး ဘိုးလူပေက ခေါင်းညိတ်လိုက်ပြီးမှ ပြောတယ်ဗျ။ “အဲဒါ ကဝေသက်ဖြတ်အင်းနဲ့ စက်ဖြတ်တောင်ဝှေးပဲ မောင်တာ တေ၊ အဲဒီတောင်ဝှေးနဲ့ ရိုက်ချလိုက်ရင် ဘယ်လိုစက်မျိုးမှ မခံနိုင်ဘူးကွဲ့။ သာမန်စုန်း၊ ကဝေတွေရဲ့ စက်လောက်ကတော့ အဲဒီတောင်ဝှေးနဲ့ ရွယ်လိုက်တာနဲ့တင် ပြတ်တောက်သွားတာတဲ့ကွဲ့” “ဟာ တော်တော်ကို အစွမ်းထက်တာပါလား ဆရာကြီးရဲ့” “မောင်တာတေရယ်၊ ဗားမဲ့ဆရာတော် စီရင်တာလေကွယ်၊ ကျုပ် ရော မင်းရော ဘဝဟောင်းကို အိပ်မက်တွေ မက်ခဲ့ကြပြီပဲလေ၊ ဆရာတော် ဘယ်လောက်အစွမ်းထက်တယ်ဆိုတာ မင်းအသိဆုံးမို့လား” “ဟုတ်ပါတယ် ဆရာကြီးရယ်” ကျုပ်စိတ်ထဲမှာ ရှင်မင်းငယ်ကို သတိရသွားလိုက်၊ လှယဉ်ကို သတိရသွားလိုက်နဲ့ပေါ့ဗျာ။ နှစ်ဘဝ ဆုံဆည်းတာတောင် နှစ်ဘဝလုံး မပေါင်းခဲ့ရတဲ့ ကျုပ်တို့ရဲ့ ကံကြမ္မာကိုတွေးပြီး စိတ်မကောင်းဖြစ်ခဲ့တာ ပေါ့ဗျာ။ ““ဒီကောင် ဥက္ကာ ဒီရက်အတွင်း ရောက်လာမှာပဲ မောင်တာတေ ရဲ့၊ ဒီကောင်ကြီးပုန်းနေတာ ကြာလှပြီကွဲ့။ ဘယ်နိုင်ငံတွေမှာ သွားပြီး ရှောင်တိမ်းနေလဲတော့ မသိဘူးလူကလေးရဲ့။ အခုမှ မဖဲဝါအကြောင်း ကြားပြီး မဖဲဝါ ထုံကူးသလိုဖြစ်ခဲ့တဲ့ တလားကို အပိုင်သိမ်းပိုက်ဖို့ လုပ်နေ တာကွဲ့” “အစ်မ မဖဲဝါက ထုံကူးခဲ့တာ ဟုတ်လို့လား ဆရာကြီးရဲ့” “ဘယ်ဟုတ်ရမှာတုံး မောင်တာတေရယ်၊ မင်းအစ်မက အကု သိုလ်အလုပ်တွေ အများကြီးလုပ်ခဲ့တော့ မောင်နှမနှစ်ယောက်လုံးက အရှင် လတ်လတ်ကနေ အစိမ်းသရဲ ဖြစ်ကြရတာ။ အဲဒီလိုဖြစ်တာက ဒီတလားထဲ မှာ ထည့်ပြီးမြှုပ်ထားတုံး ဖြစ်တာဆိုတော့ ထုံကူးတဲ့သဘော ဖြစ်တာပေါ့ ကွယ်။ သေမယ့်အချိန်မှာ မသေဘဲ အသက်ဆက်ပြီး ရှင်နေရင် ထုံကူးသွား တာပဲပေါ့။ ပိုးအိမ်ထဲမှာ သူ့ဟာသူ ပိတ်ပစ်လိုက်တဲ့ ဘောက်ဖတ်ဟာ ရက်စေ့တော့ လှလှပပ လိပ်ပြာလေးတစ်ကောင်ဖြစ်ပြီး ပြန်ထွက်လာတဲ့သဘောပေါ့ကွယ်” “ဘာကြောင့် အစ်မ မဖဲဝါရဲ့တလားကို လိုချင်ကြတာတုံး ဆရာ ကြီးရဲ့” “ဒီတလားက ထုံကူးသလိုဖြစ်ခဲ့တဲ့ တလားဆိုတော့ ထုံဓာတ်ရှိနေ တာပေါ့ကွယ်၊ ဒါကြောင့် ကဝေတွေ အောက်လမ်းတွေက အသက်ရှည်ဖို့ အတွက် မဖဲဝါရဲ့တလားကို သိပ်ပြီးလိုချင်နေကြတာကွဲ့ မောင်တာတေရဲ့” “နေပါဦး ဆရာကြီးရဲ့၊ ကဝေကြီးဥက္ကာက ဒီတလားမပေါ်ခင် နှစ်ပေါင်းများစွာတည်းက ရှိနေခဲ့တာပဲ၊ ဒီတလားရမှ သူထုံကူးလို့ရမှာလား။ “ဟာ သူ့အတွက် မဟုတ်ဘူးကွဲ့၊ သူ့တပည့်တွေအတွက် သူလို ချင်နေတာ။ သူ့တပည့်တွေထဲမှာ ထုံကူးပြီး အသက်ဆက်ရတော့မယ့် ကဝေတစ်ယောက် နှစ်ယောက်လောက် ရှိနေပုံရတယ်။ ဒါကြောင့်သူကိုယ် တိုင်ဒါကို လာယူတာကွဲ့” “တစ်ခါတုန်းကလည်း ဒီတလားကို ကဝေတစ်ယောက် လာပြီး လုဖူးတယ် ဆရာကြီးရဲ့၊ အဲဒါ အစ်မ မဖဲဝါက ကျုပ်ကို တံစူးဝါးအချွန် ကိုင်ပြီး ခေါင်းထဲမှာ ဝင်နေခိုင်းလို့ ကျုပ်လုပ်ပေးခဲ့ရဖူးတယ်ဗျ။ သင်္ချိုင်း ဇရပ်ကို အစ်မ မဖဲဝါက တလားကြီးထမ်းပြီး သွားပို့ရတာ၊ ကျုပ်က တလားထဲမှာ ပက်လက်ကြီး ပါသွားတာပေါ့ဗျာ၊ ဟိုရောက်လို့ ကဝေက တလားအဖုံးလည်း ဖွင့်လိုက်ရော ကျုပ်က တံစူးဝါးအချွန်နဲ့ ရင်ဝကို ဆောင့်ထိုးလိုက်တာ၊ ကဝေ ကိစ္စပြတ်သွားရောဗျ။ အစ်မ မဖဲဝါပြော တာက တော့ အဲဒီကဝေက သူများကိုယ်ထဲမှာ ဝင်နေတဲ့ ဖုတ်ကောင်ကြီး တဲ့ဗျ ဆရာကြီးရဲ့” ““အင်း မဖဲဝါတစ်ယောက်လည်း အစိမ်းသရဲဘဝရောက်တာ တောင် ပညာသည်တွေနဲ့ တိုက်ခိုက်နေရတုန်းပါလား မောင်တာတေရယ်” “အစ်မ မဖဲဝါက အစိမ်းသရဲဆိုပေမဲ့ သူ့မှာ ထူးခြားတဲ့အစွမ်း တွေ ရှိနေတယ် ဆရာကြီးရဲ့၊ အဲဒါကြောင့် အောက်လမ်းဆရာတွေ ကဝေ တွေက အစ်မ မဖဲဝါကို ဖမ်းဆီးပြီး ခိုင်းချင်စေချင်နေကြတာဗျ” “ကဝေတွေ အောက်လမ်းတွေကတော့ ဒီလောကမှာ နိမ့်ကျတဲ့ စိတ်ထားတွေနဲ့ သူတို့ပညာတွေကို အသုံးချနေကြတာပါပဲကွယ်၊ အေး ဒီရက်အတွင်းမှာတော့ အထူးသတိထားပြီး နေပေတော့ မောင်တာတေရေ၊ ကဝေရှေ့ပြေးတွေက ရွာတွေကို မဟုတ်တာတွေ ကြံချင်ကြံနေဦးမှာ” “ဟုတ်ကဲ့ပါ ဆရာကြီး” “ဪ ဒါထက် မောင်တာတေ၊ ကျုပ်ကို တစ်ခါပြောဖူးပါတယ်” “ဘာကိုများတုံး ဆရာကြီးရဲ့” “မဖဲဝါရဲ့အိမ်ကို မောင်တာတေ ရောက်ဖူးတယ်ဆိုတာလေ” “ဟုတ်တယ် ဆရာကြီး၊ ကျုပ်ရောက်ဖူးတယ်၊ အဲဒီတုန်းက ကျုပ်က ဆပ်သမြောင်က ပြန်လာတာ၊ ဆပ်သမြောင်ကို သွားရတဲ့ကိစ္စက လည်း မဖဲဝါ လွှတ်တာပဲဗျ၊ ဘုရင်တွေရှိတဲ့ အချိန်ကတည်းက မကျွတ် မလွတ်ဖြစ်နေတဲ့ ပါးကွက်အာဏာသားကြီး ဦးဗုံကို ကျွတ်ချိန်တန်နေလို့ သွားပြီး အလှူလုပ်ပေးခိုင်းတာနဲ့ ကျုပ်သွားလုပ်ပေးရတာ ဆရာကြီးရဲ့။ အမေတို့ အဘတို့က ကျုပ်ပြောပြလို့ သရဲကြီးဦးဗုံကို သနားသွားကြတာဗျ။ အဲဒါနဲ့ သင်္ကန်းဝယ်၊ ဆွမ်းချိုင့်ချက်ပြီး ပေးလိုက်ကြတယ်၊ ဟိုရောက်တော့ ဆရာတော်ကို အကျိုးအကြောင်းလျှောက်တော့ ဆရာတော်ကလည်း မေတ္တာထားပြီး သေသေချာချာကို ဟောပြောပေးတာ ဆရာကြီးရဲ့။ ကျုပ်က တော့ မျက်ကွင်းဆေး ကွင်းသွားတော့ ဦးဗုံကြီးကို တွေ့ရတယ်။ မဖဲဝါကလည်း သူ့ကို ကြိုပြီးပြောထားတယ် ထင်ပါရဲ့ဗျာ၊ ကျုပ်ခေါ်တော့ သစ်ပင် ပေါ်ကနေ တစ်ခါတည်း တန်းဆင်းပြီး လိုက်လာတာ ဆရာကြီးရဲ့၊ လိုက် လာပြီး တရားနာတယ်၊ ကျုပ်ကလည်း ဒီဆွမ်းတွေဟာ ဦးဗုံရဲ့ အလှူ၊ ဒီသင်္ကန်းဟာ ဦးဗုံရဲ့ အလှူလို့ ပြောပြလိုက်တော့ ဦးဗုံ တစ်ခါတည်း ကျွတ်သွားရော ဆရာကြီးရေ “ဪ သာဓု သာဓု သာဓုပါ မောင်တာတေရယ်”” “အဲဒီကိစ္စပြီးလို့ ဆပ်သမြောင်က အပြန်မှာ မီးလောင်ကုန်းသင်္ချိုင်း နားရောက်တော့ မဖဲဝါရဲ့ ခွေးနက်ကြီးကို ဘွားကနဲ သွားတွေ့တာဗျ။ နက်ကျော်ကြီးက ကျုပ်ကို ခေါ်သွားလို့ ကျုပ်လိုက်သွားလိုက်တာ မဖဲဝါရဲ့ အိမ်ကိုရောက်သွားတယ်။ အိမ်က ရှေးအိမ်ကြီးဗျ၊ အိမ်အိုကြီးတစ်လုံးပါပဲ။ အမှန်က ဦးဗုံကြီးကိစ္စ သွားလုပ်ပေးလို့ ကျုပ်ကို ကျွေးမွေးဧည့်ခံတာပါ” “ကျုပ်စိတ်ထင်တော့ မဖဲဝါဟာ သူ့ရဲ့တလားကို သူ့အိမ်ထဲမှာပဲ သိမ်းထားလိမ့်မယ်ကွဲ့ ” “ဟာ ဟုတ်တယ် ဆရာကြီးရဲ့၊ သူ့အိမ်ထဲမှာ အဲဒီတလား ရှိ တယ်၊ အဲဒါ ကျုပ်သိတယ်ဗျ” “အဲဒီအိမ်ရှိတဲ့နေရာဟာ ဘယ်နေရာလို့ မောင်တာတေ ထင်တုံး” “ကျုပ်စိတ်ထင်တော့ မီးလောင်ကုန်းသင်္ချိုင်းထဲမှာလို့ ထင်တာပဲဆရာကြီးရဲ့” ““အင်း မဖဲဝါရဲ့ အိမ်ကိုတောင် တွေ့အောင် တော်တော်ရှာကြရမှာပါကွာ” “အိမ်ကိုတွေ့အောင် ရှာနိုင်ရင်တောင်မှ အိမ်ထဲမှာ ဝှက်ထားတဲ့ တလားကို သူတို့ရှာတွေ့မှာ မဟုတ်ဘူး ဆရာကြီးရဲ့၊ အာဖရိကဖုတ်ကောင် ကြီးကို တံစူးဝါးနဲ့ ထိုးသတ်တုန်းက မဖဲဝါက အဲဒီခေါင်းကြီးကို သိမ်းထားတဲ့နေရာကနေ ထုတ်ပြတယ်။ သူလက်ခုပ်တီးလိုက်တော့မှ အဲဒီခေါင်းကြီး က မှောင်ထဲကနေ ထွက်လာတာ ဆရာကြီးရဲ့။ ကြောက်တော့ ကြောက် စရာကြီးဗျ၊ လေထဲမှာ သူ့ဟာသူ ပေါလောကြီးမျောပြီး ထွက်လာတာ။ ခေါင်းက ကျွန်းသားနဲ့ လုပ်ထားတာ၊ တော်တော်ကို လက်ရာ ကောင်းတဲ့ လက်သမား လုပ်ထားတာဗျ။ ခေါင်းပေါ်မှာ မဖဲဝါ အသက် (၄၄)နှစ် ဆိုတဲ့ စာလုံးကို ထွင်းထားတယ်။ အခုတော့ ဒီအခေါင်းကို အကြောင်းပြုပြီးတော့ ကဝေကြီးဥက္ကာနဲ့ ကျုပ်တို့နဲ့ ဒီဘဝမှာ ပြန်ဆုံကြရမှာပေါ့လေ” ဆရာကြီးက နောက်တစ်နေ့ မီးလောင်ကုန်းသင်္ချိုင်းကို သွားချင် တယ်ဆိုလို့ ကျုပ်လိုက်ပို့တယ်။ တော်သေးတယ်ဗျ၊ ကျုပ်နဲ့ ဘိုးလူပေသွား တဲ့အချိန်မှာ သင်္ချိုင်းဇရပ်ထဲက ကဝေတွေ တစ်ယောက်မှ မရှိဘူးဗျ။ ဆရာကြီးက မီးလောင်ကုန်းသွားတဲ့လမ်းမှာ လက်ကို ရမ်းရမ်းပြီး သွားတာ ဗျို့။ ဆရာကြီး ဘိုးလူပေ လက်ရမ်းလိုက်တဲ့ နေရာတွေဟာ စုန်းမတွေ စက်ဖြန့်ထားတဲ့ နေရာတွေဗျ။ စုန်းမတွေရဲ့ စက်တွေ လက်ကနဲ လက်ကနဲ ဖြစ်ပြီး အပိုင်းပိုင်းပြတ်ကုန်တာဗျို့။ “မောင်တာတေရေ၊ ဒီအနီးအနားတစ်ဝိုက်တော့ စုန်းစက်တွေ တော်တော်ကို ပျံ့နေပြီထင်တယ်ဟေ့၊ ဥက္ကာ လာမှာမို့လို့ ကြိုလုပ်နေကြတာ ကွဲ့၊ ကဲ ဒီလိုလုပ်နေလို့တော့ ပြီးမှာမဟုတ်ဘူးကွဲ့။ ဘိုးလူပေက ပြောပြောဆိုဆိုနဲ့ ခြေစုံရပ်လိုက်ပြီး မန္တန်တွေရွတ် တယ်။ ခဏနေတော့ လက်နှစ်ဖက်ကို ဝှေ့ရမ်းလိုက်တာ တော်တော် ဝေးဝေးအထိ လက်ကနဲ လက်ကနဲနဲ့ ဖြစ်သွားတာဗျို့။ “ကဲ စုန်းစက်တွေတော့ ကိစ္စတုံးသွားပြီ မောင်တာတေရေ” လို့ ပြောပြီး ကျုပ်တို့ ဆက်လျှောက်လာခဲ့တာ မီးလောင်ကုန်းသင်္ချိုင်းထဲအထိပဲဗျ။ သင်္ချိုင်းထဲရောက်တော့ ဘိုးလူပေက မန္တန်တွေရွတ်ပြီး သူ့ရဲ့စက် တွေကို လွှတ်တယ်။ လက်ကနဲ လက်ကနဲ ထွက်သွားတဲ့ ဆရာကြီးရဲ့ စက်တွေက မီးလောင်ကုန်းသင်္ချိုင်းကုန်းကို လှည့်ပတ်ပြီး ရစ်လိုက်သလို ထင်ရတယ်ဗျ။ ဆရာကြီးက သူ့အလုပ်ကို ခဏကြာအောင် လုပ်ပြီးတော့မှ ““ဒီလောက်ဆိုရင် မဖဲဝါရဲ့အိမ်က တော်တော်ကို လုံခြုံသွားပါပြီ။ ပထမံစက်တွေ ကာထားတဲ့အိမ်ကို တော်ရုံတန်ရုံပညာနဲ့တော့ ပေါ်လာ အောင် လုပ်နိုင်မှာ မဟုတ်ပါဘူးကွယ်၊ ကဲ ကဲ သွားကြစို့” လို့ ပြောတာနဲ့ ကျုပ်က ဘိုးလူပေကို ဘန့်ဘွေးကုန်းအထိ ပြန်ပို့ လိုက်တယ်။ ဘိုးစံမောင်နဲ့ ကိုကြီးစံအေးတို့ ညီအစ်ကိုကတော့ ဝိုင်းထဲမှာ သူတို့အလုပ်တွေ သူတို့လုပ်နေကြတာပေါ့ဗျာ။ ကျုပ်လည်း ထနောင်းကုန်း ကို ပြန်လာခဲ့တယ်။ မီးလောင်ကုန်းသင်္ချိုင်းမှာ မဖဲဝါရဲ့ အိမ်ရှိတယ်ဆိုတာကို က တွေ တော်တော်များများ သိထားပုံရတယ်ဗျ။ မဖဲဝါရဲ့ တလားကိုလည်း တော်တော်လိုချင်နေတဲ့ပုံပဲ။ မီးလောင်ကုန်းသင်္ချိုင်းရဲ့ လှုပ်ရှားမှုတွေကို သိနေဖို့လိုတယ်ဗျ။ ကျုပ်တို့ရွာနဲ့ မီးလောင်ကုန်းနဲ့ကလည်း နီးတယ်ဆိုပေမဲ့ နည်းနည်းတော့ သွားရသေးတာဗျ။ ဒီတော့ ကျုပ်ကိုယ်တိုင်ပဲဖြစ်ဖြစ် ကျောက်ခဲကို လွှတ်တာပဲဖြစ်ဖြစ် သွားကြည့်ဖို့က သိပ်မဖြစ်နိုင်ဘူးဗျ။ မီးလောင်ကုန်းက ကျုပ်သူငယ်ချင်းတွေကို အကူအညီတောင်းရင် ကောင်းမလားလို့ တွေးကြည့်နေတာဗျ။ သူတို့ရွာနဲ့ သူတို့သင်္ချိုင်းကတော့ နီးသပေါ့ဗျာ။ ဒါပေမဲ့ ဒီလိုအရေးကြီးတဲ့အချိန်မျိုးမှာ အတွေ့အကြုံမရှိတဲ့သူကိုခိုင်းလို့မဖြစ်နိုင်ဘူးဗျ။ တော်ကြာ တစ်ခုခုဒုက္ခဖြစ်သွားရင် ရှင်းလို့မရအောင် ဖြစ်သွားမှာလည်း စိုးရသေးတယ်ဗျ။ နောက်ဆုံးတော့ ကျုပ်နဲ့ ကျောက်ခဲပဲ သွားဖို့ဆုံးဖြတ်လိုက်တာပေါ့ ဗျာ။ မန်ကျည်းပင်အောက်က ကွပ်ပျစ်ပေါ်မှာ ထိုင်ပြီး ကျုပ်တွေးနေတာဗျ။ “ကိုကြီးတာတေ ဘာတွေစဉ်းစားနေတုံး” ဒီကောင်ကျောက်ခဲ အသက်ရှည်ဦးမယ့်ကောင်ဗျ။ အခုပဲ သူ့ အကြောင်းကို ကျုပ်တွေးနေတာလေဗျာ။ ဒီကောင်က တိုက်တိုက်ဆိုင်ဆိုင် ရောက်ချလာတာဗျ။ `ဟေ့ကောင် ကျောက်ခဲ ဘယ်ကလှည့်လာတာတုံးကွ” “ဘယ်ကမှ မလှည့်ဘူး၊ ကိုကြီးတာတေဆီကို လာတာ” ““ဘာအကြောင်းများထူးလို့တုံး တာတေရဲ့ ” “ကျုပ်တို့ ထနောင်းကုန်းသင်္ချိုင်းဇရပ်မှာလည်း လူသုံးယောက် ရောက်နေတယ်ဗျ။ “ဟေ.. ဟုတ်လား၊ ဘယ်လိုပုံစံတွေတုံးကွ” “သျှောင်ထုံးနဲ့ တစ်ယောက်၊ ကတုံးနဲ့ နှစ်ယောက်ဗျ” “ဟာ ဒီလူတွေလည်း ကဝေတွေပဲ ထင်တယ်ကွ” “ဟုတ်လောက်တယ်ဗျ၊ ကျုပ်က အနောက်ပိုင်းကို ကျုပ်အဘ လွှတ်လို့သွားရတာ။ အနောက်ပိုင်းကလူတွေ တိုးတိုး တိုးတိုးလုပ်နေလို့ ကျုပ်က မေးကြည့်တော့ သူတို့ပြောတာနဲ့ ကျုပ်က ဆိတ်ကျောင်းသားပုံစံ လုပ်ပြီး ကြိမ်တုတ်တစ်ချောင်းနဲ့ သင်္ချိုင်းဘက်ကို သွားတာဗျ။ အဲဒီလူသုံး ယောက်ထဲက သျှောင်ထုံးနဲ့လူက ကျုပ်ကို လှမ်းခေါ်ပြီး မေးတာဗျ။ “ဟေ ဟုတ်လား၊ ဘာတွေမေးတုံး ကျောက်ခဲရဲ့ ” “မင်းတို့ရွာမှာ ဒီရက်အတွင်း ဘာတွေထူးခြားတာရှိတုံး” လို့ ကျုပ်ကို မေးတာဗျ။ ကတုံးနဲ့ လူနှစ်ယောက်ကတော့ ဘာမှ ဝင်မပြောဘဲ ထိုင်ကြည့်နေကြတာ။ “ဟာ ထူးတယ်ဗျ ဦးကြီးရဲ့၊ လင်းတကြီးလေးကောင် ကျုပ်တို့ ရွာပေါ်မှာ ဝဲဝဲနေတယ်ဗျ။ ပြီးတော့ မီးလောင်ကုန်းသင်္ချိုင်းဇရပ်မှာလည်း လူနှစ်ယောက် ရောက်နေတယ်လို့ ပြောသံကြားတယ်၊ ကျုပ်ကိုယ်တိုင် တွေ့တာတော့ မဟုတ်ဘူးဗျ” “ဟာ ဟုတ်လား၊ ဘယ်လိုပုံစံတွေလို့ ကြားတုံး ကလေးရဲ့ “တစ်ယောက်က သျှောင်ထုံးနဲ့တဲ့ဗျ၊ တစ်ယောက်ကတော့ ရိုးရိုး ဆံပင်နဲ့ပဲလို့ ပြောတယ်” “ကျုပ်က အဲဒီလို ပြောလိုက်တော့ သျှောင်ထုံးနဲ့လူက ကတုံးနဲ့ နှစ်ယောက် လှည့်ကြည့်ပြီး ခေါင်းညိတ်ပြတယ်ဗျ” “ဒါနဲ့ မီးလောင်ကုန်းက ဒီကနေ ဘယ်လောက်ဝေးတုံးကွ” လို့ သျှောင်ထုံးနဲ့ လူက ကျုပ်ကို ထပ်မေးတယ်ဗျ။ “မဝေးဘူးလေ ဦးကြီးရဲ့၊ ဒီတည့်တည့်ကိုသွားပြီး တောင်ချိုး လိုက်ရင် မီးလောင်ကုန်းသင်္ချိုင်းကို မြင်နေရတာပဲ” “ဪ အေး အေး၊ ကဲ ကလေးသွားစရာရှိတာ သွား” လို့ ပြောတာနဲ့ ကျုပ်လည်း ထွက်လာခဲ့တယ်။ “ဒီလူတွေနဲ့ မီးလောင်ကုန်းရောက်နေတဲ့ နှစ်ယောက်နဲ့က အတူတူ တွေတော့ မဟုတ်လောက်ဘူးကွ” “အတူတူမဟုတ်နိုင်ဘူး ကိုကြီးတာတေ၊ သပ်သပ်စီဗျ။ ကျုပ် စိတ်ထင်ပြောရရင် ဒီကသုံးယောက်နဲ့ ဟိုကနှစ်ယောက်က ရန်သူတွေ လားတောင် မသိဘူးဗျ” “သင်္ချိုင်းကုန်းဇရပ်မှာ စတည်းချနေတယ်ဆိုကတည်းက အောက်လမ်းတွေ ကဝေတွေပဲ ဖြစ်မှာပေါ့ကွာ။ သူတို့ကဝေအချင်းချင်းလည်း တည့်ကြတာမဟုတ်ဘူးကွ၊ ဦးတဲ့လူက ဦးသလို လုပ်ကြတာကွ “ကျုပ်စိတ်ထင်ပြောရရင် ဒီလူသုံးယောက် ဒီည တစ်ခုခုလုပ် မယ့် ပုံပဲဗျ။ ကျုပ်နဲ့ ကိုကြီးတာတေနဲ့ ဒီည မီးလောင်ကုန်းသင်္ချိုင်းကို သွားပြီး ကြည့်ကြမလား” “အေး ငါလည်း မင်းကို အဲဒါပြောမလို့ပဲကွ၊ ညရှစ်နာရီလောက်ငါ့ဆီ ရောက်အောင်လာခဲ့ကွာ” ““စိတ်ချ ကိုကြီးတာတေ၊ ဒါမျိုးဆိုရင် ကျုပ်က ဝီရိယရှိပြီးသားဗျ။ ကျောက်ခဲက ကျုပ်ကို နှုတ်ဆက်ပြီး ပြန်သွားတယ်။ ကျုပ်လည်း ထမင်းစားပြီးတာနဲ့ ဆေးလွယ်အိတ်ကို စလွယ်သိုင်းလွယ်ပြီး ဝိုင်းထဲဆင်း လာခဲ့တယ်။ နဂါးဆေးပေါ့လိပ်ကလေးဖွာရင်း ကွပ်ပျစ်ပေါ်မှာ ထိုင်နေလိုက် တယ်။ ရှစ်နာရီထိုးတာနဲ့ ကျောက်ခဲ ရောက်လာတယ်။ ဒီကောင်က အင်မတန်ကို လူကင်းပါးတဲ့ကောင်ဗျ။ ကျုပ်ဝိုင်းထဲက ဆင်းစောင့်နေ ကတည်းက ဒီကောင်က အသံမပေးဘဲ ဝင်လာတာဗျ။ ဒီကောင် ရောက် တာနဲ့ ကျုပ်လည်း ထွက်လာခဲ့တယ်။ မီးလောင်ကုန်းသင်္ချိုင်းကို ရောက်တာ နဲ့ မန်ကျည်းပင်ကြီးတစ်ပင်ပေါ်ကိုတက်ပြီး နှစ်ယောက်စလုံး ငြိမ်နေလိုက် တယ်ဗျ။ ညဆယ်နာရီလောက်ရောက်တော့ . . . “ဝုတ် ဝုတ် ဝုတ် ဝုတ်” ဆိုတဲ့ ခွေးဟောင်သံတစ်သံ ထနောင်းကုန်းသင်္ချိုင်းဘက်က ကြား လိုက်ရတယ်။ ခွေးဟောင်သံကြားတာနဲ့ မီးလောင်ကုန်းသင်္ချိုင်းဇရပ်ထဲမှာမီးရောင်လင်းလာတယ်။ ဖယောင်းတိုင် ထွန်းလိုက်တာဗျ။ ဖယောင်းတိုင် က တစ်တိုင်တည်းမဟုတ်ဘူး သုံးတိုင်ထွန်းတာ။ ဒီတော့မှ ကျုပ်က ဇရပ်ထဲကို မြင်ရတော့တာပေါ့ဗျာ။ ဇရပ်ထဲမှာ လူနှစ်ယောက်ဗျ။ ကန်တော့ ပွဲ တစ်လုံးလည်း ပြင်ထားတယ်ဗျ။ အုန်းသီးပေါ်မှာ ဖယောင်းတိုင်တစ်တိုင် ထွန်းထားတယ်။ ကျန်တဲ့နှစ်တိုင်ကတော့ အရိုးခေါင်းခွံကြီးနှစ်လုံးပေါ်မှာ ထွန်းထားတာဗျို့။ ဇရပ်ပေါ်က ကဝေနှစ်ယောက်က မန္တန်တွေ ရွတ်ဖတ်နေ ကြတယ်။ ထနောင်းကုန်းသင်္ချိုင်းဘက်က ခွေးဟောင်သံလည်း ပျောက် သွားပြီဗျ။ “ကိုကြီးတာတေ ဟိုမှာ ဟိုမှာ ထနောင်းကုန်းက လူသုံးယောက်လာနေပြီဗျ” “အေး ဟုတ်တယ်၊ မလှုပ်နဲ့ ငြိမ်နေ ကျောက်ခဲ” ထနောင်းကုန်းကလာတဲ့ လူသုံးယောက်က မီးလောင်ကုန်းသင်္ချိုင်း ဇရပ်ကို တန်းသွားတော့တာဗျို့။ ကျုပ်က မလာခင်ကတည်းက မျက်ကွင်း ဆေးကို ကွင်းလာတာဗျ။ ဒါပေမဲ့ နာနာဘာဝတော့ အရိပ်အယောင်တောင် မတွေ့ရပါဘူးဗျာ။ ထနောင်းကုန်းကလာတဲ့ လူသုံးယောက်က ဧရပ်ရှေ့က မြေကွက် လပ်မှာရပ်ပြီး ဖရပ်ထဲကိုကြည့်တယ်။ ဒီတော့မှ မီးအလင်းရောင်နဲ့ ဒီလူတွေ ကို ကျုပ်တွေ့ရတာဗျို့။ ဟုတ်တယ်ဗျ။ ကျောက်ခဲပြောတဲ့အတိုင်းပဲ တစ်ယောက်က သျှောင်ထုံးနဲ့၊ နှစ်ယောက်က ကတုံးနဲ့ဗျ။ သျှောင်ထုံးနဲ့လူက လွယ်အိတ်တစ်လုံးလွယ်ပြီး ဇရပ်ထဲက ရွတ်ဖတ်နေတဲ့ လူနှစ်ယောက်ကို ကြည့်နေတယ်။ ကတုံးနှစ်ယောက်ကလည်း သျှောင်ထုံးနဲ့လူရဲ့ နောက်နား ကရပ်ပြီး ကြည့်နေတယ်ဗျို့။ ကြည့်ရတာ သျှောင်ထုံးနဲ့လူက ဆရာဖြစ်ပြီး တော့ ကတုံးနဲ့နှစ်ယောက်က တပည့်ဖြစ်လိမ့်မယ်ထင်တယ်ဗျ။ ခဏနေတော့ ဇရပ်ပေါ်က ရွတ်ဖတ်နေတဲ့ လူနှစ်ယောက်က ရွတ်တာဖတ်တာ ပြီးသွားပြီး ဇရပ်ရှေ့က လူသုံးယောက်ကို လှည့်ကြည့် တယ်။ “ဪ ပညာသည်တွေ လာနေတယ်လို့ ကျုပ်ရဲ့အစောင့်က ကျုပ်ကိုပြောနေတာ ဘယ်သူတွေများလဲ မှတ်တယ်၊ ငဆင်တို့ပဲ။ ဟား ဟား ဟား ဟား၊ ဘယ်လိုအကြောင်းကြောင့် ဒီနေရာကို ရောက်လာကြ တာတုံး” “ငါတို့ ဘာကိစ္စနဲ့ လာတယ်ဆိုတာ အသာထား၊ မင်းတို့ကကော ဘာကိစ္စနဲ့ ဒီကို ငါတို့အရင် ရောက်နှင့်နေတာတုံး ငလုံးရဲ့” “ဟေ့ကောင် ငဆင် ငါက အရင်ငလုံး မဟုတ်တော့ဘူးကွ၊ အခုဆိုရင် သက်တော်လေးရာကျော်ရှိတဲ့ ကဝေအချုပ် ဆရာအုပ်ရဲ့တပည့် ဖြစ်နေပြီကွ” “ဟေ့ကောင် ငလုံး၊ သက်တော်လေးရာကျော်ကျော်၊ ကဝေအချုပ် ဖြစ်ဖြစ် ငါနဲ့မဆိုင်ဘူး။ ငါသိတာက ငါ့ပညာတွေ တက်သတဲ့ တက်လာဖို့၊ ငါ့အသက်ရှည်ဖို့ ဒါပဲကွ။ အဲဒီအတွက် ငါဘာလုပ်ရမလဲ၊ ဘာပဲလုပ်ရ လုပ်ရ ငါကတော့ လုပ်မှာပဲ ငလုံး” “ဒါဆိုရင် မင်းအခုဒီကိုလာတဲ့အကြောင်းကလည်း မင်း အသက်ရှည်ဖို့ကိစ္စအတွက်ပဲလား” “သိပ်ဟုတ်တာပေါ့ ငလုံးရယ်၊ ဟောဒီမီးလောင်ကုန်းသင်္ချိုင်းထဲ မှာ မဖဲဝါရဲ့အိမ်ရှိတယ်။ အဲဒီအိမ်ကို ဖော်နိုင်ရင် အိမ်ထဲမှာ မဖဲဝါရဲ့ ခေါင်းတလားရှိတယ်။ အဲဒီခေါင်းယူပြီးရင် ငါ ဒီကပြန်မှာ ငလုံး၊ အဲဒီ ခေါင်းထဲဝင်ပြီး မန္တန်ရွတ်လိုက်ရင် ငါ့အသက်ဟာ နောက်ထပ် တစ်ရာ တော့အသာလေးပဲကွ။ အေး အဲဒီမန္တန်ရဖို့ကတော့ လွယ်လိမ့်မယ်မထင်နဲ့ဟေ့၊ မန္တန်ရပြန်တော့လည်း မဖဲဝါကိုနိုင်တဲ့အစွမ်းရှိမှ တလားကရမှာ ငလုံးရဲ့။ မင်းမှာ ဘယ်လိုအစွမ်းတွေရှိလို့များ ဒီနေရာကို ရောက်နေရ တာတုံး” “ဟား ဟား ဟား ဟား၊ ငဆင်ရေ ဒီကိစ္စက မင်းပြော သလောက် မခက်ပါဘူးကွယ်၊ မကြာခင်ရက်အတွင်းမှာ ငါ့ဆရာကြီးက လာတော့မှာကွ၊ ဆရာကြီး အမိန့်တစ်ချက်ပေးလိုက်တာနဲ့ မင်းပြောတဲ့ သရဲမ မဖဲဝါရဲ့အိမ်က ဘွားကနဲပေါ်လာမှာ ကိုယ့်လူရေ၊ ပြီးရင် အဲဒီသရဲမ ကိုယ်တိုင် တလားကို ခေါင်းပေါ်မှာရွက်ပြီး ဆရာကြီးကို လာအပ်ရမှာဗျာ။ မင်းမြင်ဖူးချင်ရင် စောင့်ပြီးကြည့်သွားလေ။ ပြီးတော့ ဆရာကြီးဆီမှာ တပည့်ခံချင်တယ်ဆိုရင်လည်း ငါလျှောက်ထားပေးမှာပေါ့ ငဆင်ရဲ့။ အေး ဒါပေမဲ့ ဆရာကြီးက မင်းလိုကောင်ကို လက်ခံမယ် လက်မခံဘူးဆိုတာကို တော့ ငါ အာမ မခံနိုင်ဘူးကွဲ့” “ဟား ဟား ဟား ဟား- ငလုံးရယ် ငါက စိန်နားကပ်ရောင်နဲ့ ပြောင်တဲ့ပါး မဟုတ်ဘူးကွ၊ ငါ့ကိုယ်ပိုင်ပညာနဲ့ လင်းတဲ့အရောင်ဆိုတာ မကြာခင် မင်းသိရတော့မှာပေါ့ကွာ။ ဪ လက်စသတ်တော့ မင်းက လည်း ဒီတလားကို အချောင်လိုချင်လို့ ဒီမှာလာပြီး စောင့်နေတာကိုး။ မင်းမှာ ထုံကူးတဲ့မန္တန် ရှိသလား ငလုံး” “ဟ ငဆင်၊ ဒါတွေကို ငါက ဘာမှပူစရာမလိုဘူးကွ ငါ့ဆရာ ကြီး အားလုံးစီရင်မှာ” “ဟေ့ကောင် ငလုံး၊ ဒီတလားထဲမှာ မဖဲဝါ ထုံကူးလိုက်တာ သရဲမဖြစ်ပြီး ထွက်လာတာနော်၊ မင်းမှာ ဘာမန္တန်မှ မရှိဘဲ ထုံကူးလိုက် မယ်ဆိုရင် မင်းဆရာကြီး ပြုသမျှ မင်းနုရမှာနော်။ ဟဲ ဟဲ ပညာသည်ကြီး ဖြစ်မလာဘဲ ခွေးသရဲကြီး ဖြစ်လာရင်တော့ကွာ ဟား ဟား ဟား ဟားငဆင်ဆိုတဲ့လူက ငလုံးဆိုတဲ့လူကို လှောင်ပြောင်ပြီး ရယ်တော့တာ ပဲဗျို့။ ငလုံးလည်း စိတ်ဆိုးသွားပြီး ရှူးရှူးရှဲရှဲ ဖြစ်သွားရောဗျို့။ ဒီအချိန် မှာပဲ ငလုံးရဲ့ တပည့်က မီးလောင်ကုန်းသင်္ချိုင်းထဲကို လက်ညှိုးထိုးပြပြီး “ဆရာလုံး ဟိုမှာ ဟိုမှာ” လို့ အော်ပြောလိုက်တယ်ဗျ။ အဲဒီလူပြတဲ့ဘက်ကို ကျုပ်လှမ်းကြည့် လိုက်တော့ ဟာ မဖဲဝါရဲ့ ခေါင်းကြီးဗျ။ ဂူတွေအပေါ်ကနေကျော်ပြီး လေထဲမှာ မျောပါလာတာဗျို့။ မဖဲဝါ တစ်ခုခုလုပ်ပြီဆိုတာ ကျုပ်သိလိုက် ပြီဗျ။ “ဟာ ကျောက်ခဲပါးစပ်က အသံထွက်လာလို့ ကျုပ်မှာ ကျောက်ခဲပါးစပ် ကို လက်နဲ့လှမ်းပိတ်လိုက်ရသေးတယ်ဗျို့။ ငဆင်ဆိုတဲ့လူရော သူ့တပည့် တွေရော လှည့်ကြည့်လိုက်ကြတာပေါ့ ဗျာ။ ““ဟာ ဆရာဆင်၊ ဟိုမှာ ခေါင်းကြီး ခေါင်းကြီး” လေထဲက ပျံလာတာဗျ။ မဖဲဝါရဲ့ တလားကို အသေအလဲရှာနေတဲ့ ကဝေတွေ တကယ် တမ်းလည်း မဖဲဝါရဲ့ခေါင်းကြီး ပျံလာတာကို တွေ့လိုက်ရတော့ အားလုံး အထိတ်တလန့် ဖြစ်ကုန်ရောဗျို့။ တလားကြီးပေါ်မှာ မဖဲဝါ (၄၄)နှစ် ဆိုတဲ့ ဖောင်းကြွစာလုံးကြီးက ထွင်းလို့ပေါ့ဗျာ။ အာဖရိက ဖုတ်ကောင်ကြီးကို တံစူးဝါးနဲ့ ထိုးသတ်တုန်း က ကျုပ်ဝင်ပြီး အိပ်လိုက်သွားးတဲ့ ခေါင်းကြီးပေါ့ဗျာ။ လေထဲမှာ မျော လာတဲ့ ခေါင်းကြီးက ဇရပ်ရှေ့က မြေကွက်လပ်ပေါ်မှာ ငြိမ်သွားတယ်ဗျ။ အဖွဲ့နှစ်ဖွဲ့ရဲ့ အလယ်မှာ ချပေးလိုက်တာပဲပေါ့ဗျာ။ “ဟေ့ကောင် ငလုံး မင်းမြင်ပြီမို့လား၊ ငါရောက်လာတာကိုမဖဲဝါသိလို့ ကြောက်ပြီး ခေါင်းကို ပို့ပေးလိုက်တာကွ ဟား ဟား ဟား ငဆင်က ခေါင်းကြီးကို လှည့်ပတ်ကြည့်ပြီး ပြောလိုက်တော့ ငလုံးက ပြူးပြူးပျာပျာ ဖြစ်သွားပြီး… “ဟေ့ကောင် ငဆင်၊ ဒါ မင်းကို ပေးတာမဟုတ်ဘူးကွ၊ ငါ့ဆရာ ကြီးအကြောင်း မင်းကို ပြောပြလိုက်တာ မဖဲဝါကြားသွားလို့ ငါ့ဆရာကြီး ရောက်လာမှာကြောက်ပြီး သူ့ရဲ့တလားကို ငါ့လက်အပ်တာကွ။ ရွာတွေပေါ် မှာ လင်းတလိုဝဲပြီး စက်တွေဖြန့်နေတဲ့ ငါ့တပည့်မလေးယောက်ကိုခေါ်ပြီး ဒီတလားကို ငါယူသွားရုံပဲကွ ““မင်းရူးနေသလား ငလုံး၊ ဒီတလားက ငါ့ကို ပေးတာကွ ငလုံးရ” “ဟေ့ကောင် ငဆင်၊ မင်း ငါ့ကိုယှဉ်နိုင်ရင်တော့ ဒီတလား မင်းရမှာပေါ့ကွာ” “ဪ ဒီလိုလား ငလုံးရဲ့၊ မင်းမှာ ဘာပညာတွေများ ရှိနေလို့လဲ။ “မင်း မကြာခင်သိရမှာပေါ့ ငဆင်ရာ” လို့ ပြောရင်းနဲ့ ငလုံးက ဇရပ်ပေါ်က ဆင်းတယ်။ သူ့တပည့်က လည်း သူ့ဆရာနောက်က လိုက်ချသွားတယ်ဗျ။ တစ်ဖက်က သုံးယောက်၊ တစ်ဖက်က နှစ်ယောက်ဗျ။ မဖဲဝါရဲ့ တလားကြီးက အလယ်မှာပေါ့ဗျာ။ တလားရဲ့ ဟိုဘက် ဒီဘက်မှာရပ်ပြီး ပညာ နှိုးနေကြတာဗျို့။ ခဏနေတော့ စက်တွေ တလက်လက်နဲ့ ထွက်လာကြတယ်ဗျ။ တပည့်တွေက နောက်ခပ်လှမ်းလှမ်းမှာ နေကြတယ်။ ငဆင်ဆိုတဲ့လူကသူ့ရဲ့မျက်လုံးက ထွက်လာတဲ့ အနီရောင်စက်နှစ်ခုကိုပေါင်းပြီး လွှတ်လိုက် တယ်။ ငလုံးကလည်း သူ့ရဲ့မျက်လုံးတွေကနေ လိမ္မော်ရောင်စက်နှစ်ခုလွှတ် ပြီး ပေါင်းလိုက်တယ်။ ငဆင်ရဲ့ အနီရောင်စက်နဲ့ ငလုံးရဲ့ လိမ္မော်ရောင် စက်တွေ ထိပ်တိုက်တိုးပြီး တစ်ခုနဲ့တစ်ခု တွန်းနေကြတယ်ဗျ။ ခဏကြာ တော့– ”’ဝုန်း”’ ဆိုတဲ့ အသံကြီး မြည်သွားပြီး ငဆင် ဆိုတဲ့ကောင် ဖင်ထိုင်ရက် လဲကျသွားတယ်။ သူ့ရဲ့တပည့်နှစ်ယောက်က ကဝေငဆင်ကို ပြေးပြီးထူပေး ကြတယ်။ “ဟား ဟား ဟား ဟား- ငဆင် ငဆင် မင်းက ငါ့ကို အရင် ငလုံးပဲ ထင်နေတာကိုးကွ” ကဝေငဆင်က သူ့တပည့်တွေရှေ့မှာ ဖင်ထိုင်ရက် ပြုတ်ကျသွား တော့ တော်တော်ရှက်သွားပုံပဲဗျ။ “ဒီတစ်ခါ တွေ့ကြသေးတာပေါ့ ငလုံးရာ” ထုတ်ပြန်ပြီဗျို့။ စက်တွေ ထုတ်ကြပြန်ပြီ။ ကဝေငဆင်က သူ့ရဲ့ လက်ဝါးနှစ်ဖက်ကိုပွတ်ပြီး လက်ဝါးကစက်ကိုထုတ်တယ်။ ကဝေငလုံးက လည်း သူ့ရဲ့လက်နှစ်ဖက်ကိုပွတ်ပြီး စက်ကိုထုတ်တယ်။ ထွက်လာပြီဗျို့။ စက်တွေထွက်လာပြီ။ နှစ်ယောက်စလုံး အနီ ရောင်စက်တွေ ထွက်လာတာဗျ။ ဟော လွှတ်ပြီ၊ လွှတ်ပြီ။ စက်တွေလွှတ် ကြပြီ။ စက်နှစ်ခုတွေ့ပြီး တွန်းနေကြပြီဗျို့။ ကဝေငဆင်က သူ့ရဲ့စက်ကို ဆောင့်ပြီးတွန်းလိုက်တယ်။ ကဝေငလုံးကလည်း သူ့စက်တွေကို ပြန်တွန်း ပြီး တောင့်ခံထားတယ်။ ဒီတစ်ခါတော့ အချိန်ကြာကြာ တွန်းထားနိုင်ကြ တာဗျို့။ ဒီအချိန်မှာ ကဝေငဆင်ရဲ့ တပည့်နှစ်ယောက်က ရှေ့တိုးလာပြီးစက်တွေထုတ်ကြရောဗျို့။ ဒါကိုတွေ့တဲ့ ကဝေငလုံးရဲ့ တပည့်ကလည်း သူ့စက်တွေကို ထုတ်တော့တာပေါ့ဗျာ။ ကဝေငဆင်ရဲ့ တပည့်နှစ်ယောက် က အစိမ်းရောင်စက်တွေ ထွက်လာတာဗျို့။ သူတို့နှစ်ယောက်ရဲ့ စက်တွေ ပေါင်းလိုက်ပြီးတော့ လွှတ်တာဗျို့။ ကဝေငလုံးရဲ့ တပည့်ကလည်း အနီ ရောင်စက်တွေ ပြန်လွှတ်ပြီး ငဆင့်တပည့်တွေရဲ့ စက်ကို ကာထားတယ်။ စက်တွေက အားတွေညီနေတော့ တစ်ယောက်နဲ့တစ်ယောက် နိုင်အောင် မလုပ်နိုင်အောင် ဖြစ်နေတာဗျို့။ ဒီအချိန်မှာ ကဝေငလုံးရဲ့ တပည့်က သူ့ရဲ့ အနီရောင်စက်ကို ဆောင့်တွန်းလိုက်တာ။ ငဆင့်တပည့် တွေရဲ့ စက်တွေ ပြတ်တောက်သွားရောဗျို့။ ငလုံးတပည့်ရဲ့ စက်က ငဆင့်တပည့် နှစ်ယောက်စလုံးရဲ့ ရင်ဘတ်ထဲကို ထိုးဝင်သွားပြီး . . . အား..အား အား ဆိုတဲ့ မချိမဆံ့ အော်သံကြီးတွေနဲ့အတူတူ ကဝေငဆင်ရဲ့ တပည့် နှစ်ယောက် လဲကျသွားပြီး မြေကြီးပေါ်မှာ ဆန့်ငင် ဆန့်ငင်နဲ့ ဖြစ်နေတော့ တာဗျို့။ ကဝေငဆင်က သူ့တပည့်တွေကို တစ်ချက်စောင်းကြည့်လိုက်ပြီး ငလုံးရဲ့ တပည့်ကို စူးစူးဝါးဝါး တစ်ချက်ကြည့်လိုက်တယ်။ ဒီမှာတင် ကဝေငဆင်ရဲ့ မျက်လုံးက အနီရောင်စက်တန်းတစ်ခု လက်ကနဲ ထွက်သွား ပြီး ငလုံးရဲ့တပည့်ရင်ထဲကို တန်းဝင်သွားတယ်ဗျို့။ ငလုံးတပည့်ကလည်း ”အား ” ဆိုတဲ့ အသံနက်ကြီးနဲ့ ကြုံးအော်ပြီး မြေကြီးပေါ်ကို ဒူးထောက် ရက်ကြီး ပြုတ်ကျသွားတယ်ဗျ။ ကဝေငဆင်ဆိုတဲ့လူက တော်တော်ကို ကျင့်ကြံထားတဲ့လူဆိုတာ ကျုပ်သိလိုက်တယ်။ စက်တစ်ခုလွှတ်နေတုန်း နောက်ထပ်စက်တစ်ခု ထပ်လွှတ်ရင် ပထမစက်က အားပျော့သွားတတ်တယ်ဗျ။ အခု ကဝေငဆင်က စက်တစ်ခု ထပ်လွှတ်ပေမဲ့ ပထမစက်က လည်း အားမပျော့ဘူးဗျာ။ ပထမစက်ကလည်း တောင့်ခံထားနိုင်တယ်။ ကဝေငလုံးက သူ့တပည့် သေသွားတာကိုတွေ့တော့ မျက်နှာ နည်းနည်းပျက်သွားတယ်ဗျို့။ ဒီအချိန်မှာပဲ ကဝေငဆင်ရဲ့ စက်တွေ အား ပျော့သွားတယ်ဗျ။ ငလုံးရဲ့ စက်တွေက ချက်ချင်းထိုးဝင်သွားတယ်။ ဒီအချိန်မှာ သတိမလစ်တဲ့ ငဆင်က သူ့မျက်လုံးက အနီရောင်စက်ကို လက်ကနဲ ထုတ်လိုက်တာ လှစ်ကနဲ ပြေးထွက်သွားပြီး ငလုံးရဲ့ရင်ထဲကို ဖောက်ဝင်သွားတယ်ဗျ။ တစ်ပြိုင်နက်တည်းပဲဗျာ ကဝေငလုံးရဲ့ ထိုးဝင်သွား တဲ့စက်ကလည်း ကဝေငဆင်ရဲ့ ရင်ဘတ်ထဲကို ထိုးဝင်သွားတယ်ဗျို့။ အား “အား” ကဝေနှစ်ယောက်စလုံးဆီက ပြိုင်တူအော်လိုက်တဲ့ အသံနက်ကြီးတွေဗျ။ ဟာ လဲကျသွားကြပြီဗျို့။ နှစ်ယောက်စလုံး ဒူးထောက်ရက်ကြီး တွေ ကျသွားပြီး. .. “ဝေါ့” သွေးတွေထိုးအန်ပြီဗျို့။ ကဝေငဆင် အန်တာဗျ။ ဟော ငဆင်ရှေ့ ကို ထိုးကျပြီး ငြိမ်သွားပြီဗျို့။ ငလုံးက သူ့ရဲ့ရင်ဘတ်ကိုဖိပြီး ဇရပ်ပေါ်ကို ဒရီးဒယိုင်နဲ့ ပြန်တက်လာတယ်ဗျ။ ဟော ကန်တာ့ပွဲရှေ့မှာထိုင်ပြီး ပါးစပ်က ပွစိ ပွစိနဲ့ ဂါထာတွေ ရွတ်နေပြီဗျို့။ ကန်တော့ပွဲပေါ်မှာ ထွန်းထားတဲ့ ဖယောင်းတိုင်က မီးတောက် ကြီးက အပေါ်ကို ထိုးတက်သွားတာဗျို့။ ကဝေငလုံးက သူ့ရင်ဘတ်ကို လက်နဲ့အုပ်ထားပြီး ဂါထာရွတ်နေတာဗျ။ ငလုံး ဂါထာရွတ်နေတုန်းမှာ မဖဲဝါရဲ့ ခေါင်းကြီးက လေထဲကို မြောက်တက်သွားပြီး မျောသွားရောဗျို့။ မှောင်ထဲကို ဝင်သွားပြီး ပျောက် သွားတယ်။ ကဝေငလုံးလည်း မန္တန်တွေရွတ်လိုက် သူ့ရင်ဘတ်ကို လက်ဝါးနဲ့ ပွတ်လိုက် လုပ်နေတာဗျ။ ကြည့်ရတာ ငလုံးဆိုတဲ့လူ သိပ်ဟန်နိုင်ပုံ မပေါ်တော့ဘူးဗျ။ ထိုင်နေရင်းကနေ ရှေ့ကို စိုက်သွားလိုက် နောက်ကို လန်သွားလိုက် ဖြစ်နေတာဗျို့။ “ဟာ” ကျုပ်တောင် လန့်ပြီးအော်လိုက်မိတာဗျို့။ မဖဲဝါဗျ၊ ကဝေငလုံး ရဲ့နောက်မှာ ဘွားကနဲ ပေါ်လာတာဗျို့။ ဆံပင်ဖားလျားကြီး ချလို့ဗျာ။ ထဘီအနက်ကို ရင်လျားကြီးဝတ်လို့ဗျ။ ဟာ ရိုက်ပြီဗျို့၊ ရိုက်ပြီး ရိုက်ပြီ” “ဘုန်း “ဘုန်း “ဘုန်း” အား ဝေါ့.” ကဝေငလုံး အသံနက်ကြီးနဲ့ အော်တာဗျို့။ မဖဲဝါက သူ့ရဲ့ သံမဏိ လက်ဝါးကြီးနဲ့ ငလုံးရဲ့ကျောကုန်းကို သုံးချက်ဆင့်ပြီး ရိုက်လိုက်တာဗျို့။ ငလုံး တစ်ချက်ကြုံးအော်လိုက်ပြီး “ဝေါ့”ကနဲ သွေးတွေထိုးအန်တော့ဘာ ပေါ့ဗျာ။ ဟာ သွားပြီဗျို့။ ငလုံး ရှေ့ကိုထိုးကျသွားပြီး မှောက်ခုံကြီး ငြိမ်သွားရောဗျာ။ မဖဲဝါက ဖျတ်ကနဲ ပျောက်သွားတယ်။ တစ်ညတည်းမှာ ကဝေငါးယောက် ပွဲချင်းပြီးသွားတာပေါ့ဗျာ။ ကျောက်ခဲက မဖဲဝါကိုတော့ မမြင်ရဘူးဗျ။ ကျန်တာတွေတော့ သူလည်း အားလုံးမြင်ရတယ်။ ကျုပ်တို့နှစ်ယောက်လည်း မန်ကျည်းပင်ပေါ်ကဆင်းပြီး ရွာကိုပြန်ခဲ့ကြတာပေါ့ဗျာ။ “ကိုကြီးတာတေ၊ ကျုပ်တော့ ဒီည အိပ်ပျော်မှာ မဟုတ်တော့ဘူးဗျ” ကျောက်ခဲက လမ်းမှာ ကျုပ်ကိုပြောတာဗျ။ “ဘုရားရှိခိုးပြီး အိပ်ပေါ့ကွာ၊ ပါးစပ်က ဂုဏ်တော်ရွတ်ပေါ့ ၊ မင်းကို ငါ ဂုဏ်တော်ရွတ်နည်း သင်ပေးထားတယ်မို့လား” ““ကျုပ် ရွတ်တတ်ပါတယ်ဗျာ” ကျုပ်က ကျောက်ခဲကို အိမ်အရောက် လိုက်ပို့ပေးလိုက်တယ်။ ပြီးမှ ကျုပ်က အိမ်ပြန်ပြီး ခြေလက်မျက်နှာတွေဆေးကြောရတယ်။ မအိပ် ခင်တော့ နဂါးဆေးပေါ့လိပ်ကလေး ထိုင်ဖွာနေလိုက်တာပေါ့ ဗျာ။ ကျုပ်မျက်စိရှေ့မှာတင် ကဝေငါးယောက်တော့ သွားကြပြီပေါ့ဗျာ။ မဖဲဝါရဲ့ တလားကို ကဝေတွေ ဒီလောက် လိုချင်နေကြမှန်း ကျုပ် အစက မသိဘူးဗျ။ သက်တမ်းရာနဲ့ချီပြီး နေချင်တဲ့ ကဝေတွေအတွက် ဒါဟာ ဖြတ်လမ်းတစ်ခုပဲပေါ့ဗျာ။ မနက် ကျုပ်အိပ်ရာကနိုးတော့ ကျောက်ခဲနဲ့ သံမဏိ ရောက်လာတယ်။ “ကိုကြီးတာတေ ကျုပ်တို့နှစ်ယောက် မီးလောင်ကုန်းသင်္ချိုင်း ဘက်ကိုသွားပြီး ကြည့်လာတယ်ဗျ” “ဟေ ဟုတ်လား ကျောက်ခဲရ၊ ဘာတွေထူးခြားတုံး” “မီးလောင်ကုန်းသူကြီးနဲ့ ရွာသားတွေ ရောက်လာပြီး ညက သေသွားတဲ့ ကဝေတွေကို မြေကျင်းတူးပြီး မြှုပ်ပစ်နေကြတယ်ဗျို့။ “ဟာ ဟုတ်လား၊ ကဝေတွေမှန်း သူတို့ သိလို့လား” “သိတာပေါ့ဗျ၊ သူတို့လွယ်အိတ်တွေထဲမှာ အင်းတွေ ဆေးတွေအစီအရင်လုပ်ထားတဲ့ ပစ္စည်းတွေ တွေ့တာကိုး” ခဏကြာတော့ ကျုပ်နဲ့ သူတို့နှစ်ယောက်နဲ့ မီးလောင်ကုန်းသင်္ချိုင်း ဘက်ကို ထွက်လာခဲ့ကြတယ်ဗျ။ ကျုပ်တို့ရောက်တဲ့အချိန်မှာ ရွာသားတွေ တော့ မရှိကြတော့ဘူးဗျ။ ဒါပေမဲ့ မီးလောင်ကုန်းသင်္ချိုင်းအပေါ်မှာ လင်းတ ကြီးလေးကောင် ဝဲနေတယ်။ ညက ဒီနေရာမှာ ကဝေတွေ ကိုက်ပွဲဖြစ်သွား တာ သူတို့ သိပုံရတယ်ဗျ။ ကျုပ်တို့လည်း ဘိစပ်ချုံကြီးတွေနောက်မှာကွယ်ပြီး အခြေအနေကို ကြည့်နေကြတာပေါ့ဗျာ။ ဟော ဆင်းလာပြီဗျို့။ ဆင်းလာကြပြီ။ လင်းတကြီးတွေ မီးလောင်ကုန်းသင်္ချိုင်းထဲကို ထိုးဆင်းလာကြတာ ဗျို့။ မြေကြီးပေါ်ရောက်တာနဲ့ ဆံပင်ဖားလျားကြီးတွေချလို့ စုန်းမကြီးတွေ ဖြစ်ကုန်တော့တာပဲဗျ။ ဟာ ထဘီအနက် အင်္ကျီအနက်တွေနဲ့ဗျ။ မျက်လုံးပြူးပြူးကြီးတွေနဲ့ ဇရပ်ထဲကို လှမ်းကြည့်နေကြတာ။ ဇရပ်ပါ်မှာ ကန်တော့ပွဲတစ်လုံးနဲ့ အရိုး ခေါင်းခွံနှစ်ခုကိုတွေ့တော့ ဇရပ်ပေါ် တက်သွားပြီး ကြည့်တယ်။ ပြီးတာနဲ့ ခေါင်းဆောင်လုပ်တဲ့ စုန်းမက ပြောတယ်ဗျ။ “မယ်ဖန်တို့ မယ်ဇံတို့ မယ်တွန်တို့” “ဟုတ်ကဲ့ ပြောပါ မမရင်” “နင်တို့လင် ငလုံးတော့ သွားရှာပြီတဲ့၊ သူ့တပည့် ညိုကြီးပါအဆစ်ပါသွားတာ” “ဟင် ဟုတ်လား မမရင်” လို့ မေးပြီး စုန်းမသုံးယောက်က ဇရပ်ပေါ်မှာထိုင်ပြီး ငိုကြရော ဗျို့။ မယ်ရင်လို့ခေါ်တဲ့ ခေါင်းဆောင်စုန်းမက ဘေးဘီကို သေသေချာချာကြည့်တယ်။ ပြီးတော့မှ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်တယ်ဗျ။ “ငါလွှတ်ထားတဲ့ စက်တွေကို တစ်ယောက် ဖျက်ပစ်လိုက်ပြီ၊ ဘာစက်မှ မရှိတာ့ဘူး၊ ဒီအနီးတစ်ဝိုက်မှာ ရန်သူရှိနေပြီထင်တယ်။ ခက်တာ က နင်တို့လင် ငလုံးက မရှိတော့ဘူးဆိုတော့ ငါတို့လည်း ဒီနေရာမှာ ဘာဆက်လုပ်စရာမှ မလိုတော့ဘူး။ ကဲ လာကြ ငါပြမယ်” လို့ ပြောပြီး မယ်ရင်ဆိုတဲ့ စုန်းမကြီးက ရှေ့က သွားရောဗျို့။ စောစောက သူတို့လင် ကဝေငလုံးသေလို့ ငိုနေကြတဲ့ မယ်ဖန်တို့ မယ်ဇံတို့ မယ်တွန်တို့က မယ်ရင့်နောက်က လိုက်သွားကြတယ်။ စုန်းမကြီး မယ်ရင်က မီးလောင်ကုန်းသားတွေ ကျင်းတူးပြီး မြှုပ်သွားတဲ့ မြေပုံတွေကို တစ်ခုချင်းလိုက်ကြည့်ပြီး မျက်စိမှိတ် အာရုံခံ တယ်ဗျ။ ပြီးတော့မှ မြေပုံတစ်ခုကို လက်ညှိုးထိုးပြပြီး “အဲဒါ နင်တို့လင် ငလုံးရဲ့ မြေပုံပဲ၊ ကန်တော့ကြ ကန်တော့ကြ၊ ငလုံးက နင်တို့ဆရာဆိုလည်း ဟုတ်တယ်၊ နင်တို့လင်ဆိုလည်း ဟုတ် တယ်” လို့ ပြောလိုက်တော့ စုန်းမသုံးယောက်က မြေပုံဘေးမှာ ကြံ့ကြံ့ လေးထိုင်ပြီး ရိုရိုသေသေ ကန်တော့ကြတယ်ဗျို့။ မြေပုံအောက်မှာ မြှုပ်ထား တာ ကဝေငလုံးရဲ့အလောင်း ဟုတ် မဟုတ်တော့ ဘယ်သူမှ မသိဘူးပေါ့ ဗျာ။ “ကဲ ကောင်မတွေ ငါတို့ကို တာဝန်ပေးတာက ငလုံးက ပေးတာ၊ သူပြောတဲ့ ဘိုးတော်တို့၊ မဖဲဝါရဲ့ တလားတို့၊ ထုံကူးတာတို့ ဆိုတာတွေ ငါတို့ ဘာမှသိတာမဟုတ်ဘူး၊ အခု ငလုံး မရှိတော့ဘူးဆိုတော့ ငါတို့ အလုပ်လည်း ပြီးသွားပြီ။ ဒီနယ်က ထွက်သွားကြရုံပဲ ရှိတော့တယ်။ နင်တို့လည်း ငါနဲ့ လိုက်နေချင်ရင် နေကြ၊ ဒါမှမဟုတ်လို့ သွားစရာရှိရင်လည်း သွားကြပေတော့” “ကျွန်မတို့ လောလောဆယ်တော့ ဘယ်ကိုမှ သွားစရာမရှိသေး ဘူး မမရင်၊ မမရင်နဲ့ပဲ လိုက်နေကြမယ်” “ကဲ ဒါဆိုရင်လည်း သွားကြမယ်၊ ဒီနေရာမှာ ကြာကြာနေလို့ မကောင်းဘူး၊ ငါ့စိတ်ထဲမှာ အန္တရာယ်အငွေ့အသက်တွေ ရနေတယ်”” လို့ ပြောပြီးတာနဲ့ ချက်ချင်းလင်းတကြီးတွေ ဖြစ်သွားကြရောဗျို့။ “ဝုန်း” ဆိုတဲ့ အသံကြီးနဲ့အတူ လင်းတကြီးလေးကောင် လေထဲကို ထိုး တက်ပြီး အနောက်ဘက်ကို ပျံသွားတယ်ဗျ။ ဒီတော့မှ ကျုပ်တို့သုံးယောက် လည်း ပုန်းနေတဲ့နေရာကနေ ထွက်ခဲ့ကြတယ်။ ထနောင်းကုန်းကို ပြန် ရောက်တော့ ကျောက်ခဲနဲ့ သံမဏိက ရွာထဲဝင်သွားကြပြီး ကျုပ်က ဘန့် ဘွေးကုန်းဘက်ကို ဆက်ထွက်လာခဲ့တယ်။ ဘန့်ဘွေးကုန်းရောက်တော့ ဘိုးလူပေ တည်းခိုနေတဲ့ ဘိုးစံမောင်ရဲ့ ဝိုင်းကို တန်းလာခဲ့ပြီး ညကတွေ့ခဲ့တဲ့ ကဝေတိုက်ပွဲကြီးအကြောင်း၊ မဖဲဝါရဲ့ ခေါင်းတလားကြီး ပေါ်လာတဲ့အကြောင်းနဲ့ ဒီမနက် စုန်းမကြီးတွေ ရောက် လာပြီး အပြီးပြန်သွားကြတဲ့အကြောင်းတွေကို ကျုပ်က ဘိုးလူပေကို ပြောပြတယ်ဗျ။ ကျုပ်ပြောတာတွေကို ဘိုးလူပေက သေသေချာချာနား ထောင်သလို ဘိုးစံမောင်နဲ့ ကိုကြီးစံအေးကလည်း ငြိမ်ပြီးနားထောင်နေတာ ပြီးတော့မှ ဘိုးစံမောင်က ပြောတယ်။ “တာတေရာ မင်းမို့လို့ အစအဆုံး ကြည့်ရဲတာကွာ၊ တစ်ယောက် နဲ့တစ်ယောက် ရက်ရက်စက်စက်ကို သတ်ကြတာပါလား” “အဘရယ် တာတေက ဒါမျိုးတွေ မြင်နေကျမို့လို့ ဖြစ်မှာပေါ့ဗျာ” ကိုကြီးစံအေးက ဝင်ပြောတော့ ဘိုးလူပေက ခေါင်းလေးညိတ်ပြီး ပြောတယ်ဗျ။ “ကိုစံမောင်ရေ ဒီလောကကတော့ ဒီအတိုင်းပါပဲဗျာ” “နို့ နေပါဦး မောင်တာတေရဲ့၊ ကဝေတွေ လုနေတဲ့ မဖဲဝါရဲ့ ခေါင်းကြီးက ဘယ်လိုဖြစ်သွားတုံး” ဘိုးစံမောင်က သိချင်စိတ်နဲ့ ကျုပ်ကို မေးလိုက်တာဗျ။ “ပေါ်လာတုန်းကလိုပဲ ဘိုးရဲ့၊ လေထဲမှာ ရွေ့သွားပြီး အမှောင်ထဲ ကို ဝင်သွားတာ ပျောက်သွားရောဗျ “မောင်တာတေရေ၊ ဒီအတိုင်းဆိုရင် နောက်ထပ် ကဝေတွေ ရောက်လာလိမ့်ဦးမယ်ကွဲ့ ” “ဟုတ်လား ဆရာကြီး၊ ဒါဆိုရင်တော့ ဒီရက်မှာ သတင်းကို အမြဲတမ်းနားစွင့်နေရတော့မှာပဲဗျာ” ကျုပ်က စကားပြောပြီးတာနဲ့ ဘိုးလူပေကို ကန်တော့ပြီး ပြန်ခဲ့တာပေါ့ဗျာ။

ဆရာတာတေ

Leave a Reply

Your email address will not be published. Required fields are marked *